အစိုးရလက်အောက်တွင် တပ်မတော်ရှိသည်ဆိုသော စကားမမှန်ကန်ကြောင်းကို ယနေ့ဖြစ်ရပ်များက သက်သေပြနေပြီး ထိုသို့နိုင်ငံရေးအရ ပုံသဏ္ဍန်မမှန်မှုကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ဆက်လက်ဖြေရှင်းသွားမည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အခြေပြုပြီး ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး အကျပ်အတည်းများနှင့် ပတ်သက်၍ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတာဝန်ရှိသူက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေးမှာ အစိုးရနှစ်ရပ်သဘောမျိုး ဖြစ်နေတယ်ဆိုတာ အခြေခံ အကြောင်းတရားပါ။ အစိုးရရဲ့ လက်အောက်မှာ တပ်မတော်ရှိပါတယ်လို့ ပြောနေပေမဲ့ ဒီနေ့လုပ်ရပ်တွေဟာ ဒီစကား မမှန်ဘူးလို့ သက်သေပြနေပါတယ်” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။
ထိုသို့ အစိုးရနှစ်ရပ်ပုံစံ ဖြစ်နေသော ပြဿနာသည် နိုင်ငံ၏ အခြေခံအကြောင်းတရားဖြစ်၍ တစ်နေ့နေ့တွင် ယင်းပြသာနာကို ဖြေရှင်းရမည်ဖြစ်သော်လည်း ယခုကဲ့သို့ လတ်တလော အခြေအနေများ ပေါ်ပေါက်လာသည့်အတွက် စောလျင်စွာ ဖြေရှင်းရန် ဖြစ်လာကြောင်း ၎င်းက ဆိုသည်။
“ ဒီနေရာမှာ အမျိုးသားရင်ကြားစေ့ရေးကို အကြမ်းမဖက်ရေးမူနဲ့ ကိုင်စွဲသွားမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ တွေ့ဆုံဆွေးနွေးဖို့အတွက် တာဝန်ရှိတဲ့ အစိုးရဟာ အစိုးရသစ်ဖွဲ့ပြီးမှ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲတော့အစိုးရသစ် လွှတ်တော်သစ် ဖွဲ့စည်းပြီးတော့မှ အခုလို နိုင်ငံရေးအရ ပုံသဏ္ဍန် မမှန်မကန် ဖြစ်နေတာတွေလေးတွေကို ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် ဆက်လက်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။
ရွေးကောက်ပွဲတွင် မဲမသာမှု ဖြစ်စေနိုင်သည့် မဲစာရင်း အငြင်းပွားမှုရှိကြောင်း တပ်မတော်က ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီးနောက် တပ်မတော် ပြောရေးဆိုခွင့်ရှိသူက အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောကြားမှု ရှိသော်လည်း ပြည်သူလူထုအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိရန်၊ အစိုးရကို ထောက်ခံကြောင်းအား ပဋိပက္ခဖြစ်ပွားခြင်း မရှိဘဲ ငြိမ်းချမ်းသောနည်းဖြင့် ပြသရန် NLD ပါတီမှ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“ ဒီအကျပ်အတည်းတွေ ဖြစ်လာမယ်လို့ ကျွန်တော်တို့ ကြိုတင်မျှော်လင့်ပြီးသားပါ။ ကျွန်တော်တို့ကတော့ ဖြေရှင်းစရာ အချက်အလက်၊ အကြောင်းအရာရှိရင် ဖြေရှင်းပါမယ်။ အဓိကတော့ မဲစာရင်းကို အဓိက ရမယ်ရှာထားတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ မနေ့က (ဇန်နဝါရီ ၂၈ ရက်) ဖြေရှင်းချက် ထုတ်ပြီးပါပြီ။ ဒါမှ မဟုတ်ဘဲနဲ့ တိကျတဲ့ အချက်အလက်နဲ့ ဖြေရှင်းဖို့ တစ်စုံတစ်ခု ပေါ်ပေါက်လာရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းက ဖြေရှင်းပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ ဖြေရှင်းစရာ အကြောင်း မရှိသေးပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
မဲစာရင်း အငြင်းပွားမှုများနှင့် သံသယများကင်းရှင်းစေရန် တာဝန်ရှိအဖွဲ့အစည်းများက ဖြေရှင်းပေးရန် တောင်းဆိုမှုများရှိနေချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ စာရွက်စာတမ်းများ ကူးယူခွင့် လျှောက်ထားမှုကို ရွေးကောက်ပွဲ မတိုင်မီတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုခဲ့ပြီး ရွေးကောက်ပွဲပြီးချိန်တွင် ရွေးကောက်ပွဲပုံစံ စာရွက်စာတမ်းများတွင် သက်ဆိုင်ရာပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များ ပါဝင်နေ၍ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ရသည့်အနေဖြင့် လျှို့ဝှက်အဆင့် သတ်မှတ်ပြီး ပေါက်ကြားမှု မရှိစေရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက လုံခြုံစွာ ထိန်းသိမ်းရကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ရှင်းလင်းခဲ့သည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်ကလည်း ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒကို ရိုးသားစွာခံယူခဲ့ပြီး လက်ရှိအနိုင်ရလဒ်အရ လွှတ်တော်ခေါ်ယူရေးနှင့် အစိုးရ ဖွဲ့စည်းရေးကို ဆောင်ရွက်နေကြောင်း ပြောကြားသည်။