ကိုဗစ်ကာလ မောင်းမကန်ကမ်းခြေမှ ပြည်သူအချို့၏ လက်တွေ့ဘဝများ

ကိုဗစ်ကာလ မောင်းမကန်ကမ်းခြေမှ ပြည်သူအချို့၏ လက်တွေ့ဘဝများ
မောင်းမကန်ကမ်းခြေမှ ပြည်သူများအား ထမင်းဟင်းများ ပေးဝေနေစဉ်
မောင်းမကန်ကမ်းခြေမှ ပြည်သူများအား ထမင်းဟင်းများ ပေးဝေနေစဉ်
Published 24 January 2021
ကျော်သူစိုး

“ထမင်းလို ထမင်းလာယူကြပါခင်ဗျား။ ဆန်လို ဆန်လာယူကြပါခင်ဗျား” လို့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေ တင်ထားတဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာထိုင်ရင်း ကိုဖြိုးကျော်သူက အော်ခေါ်လိုက်ပါတယ်။

ချမ်းစိမ့်စိမ့်နဲ့ တိတ်ဆိတ်နေတဲ့ မောင်းမကန်ကမ်းခြေဆောင်း မနက်ခင်းဟာ သူ့ရဲ့အသံကြောင့် အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့တယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်က ဘုန်းကြီးကျောင်းက ဆွမ်းကျန် ထမင်းတွေဝေဖို့ ကိုဖြိုးကျော်သူ ရွေးထားတဲ့နေရာက မောင်းမကန်ကမ်း ခြေတစ်လျှောက်မှာနေကြတဲ့ သူတွေကိုပဲဖြစ်ပါတယ်။

မောင်းမကန်ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ရာအိမ်မှူးလည်း ဖြစ်တဲ့ ကိုဖြိုးကျော်သူဟာ ကိုဗစ်ကာလထဲ ကမ်းခြေတွေ ပိတ်ထားတာကြောင့် ရွာထဲကဘုန်းကြီးကျောင်းတွေဆီကနေ ဆွမ်းကျန်ထမင်းကျန် စွန့်တာတွေ သွားယူလာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို အလှည့်ကျ လိုက်ဝေပေးနေတာ ဖြစ်ပါတယ်။

အခုဆိုရင် ဒီလိုလိုက်ဝေပေးနေတာဟာ နှစ်လလောက်ရှိနေပါပြီ။ ဒါကြောင့် ကိုဖြိုးကျော်သူရဲ့ အော်သံကြားတာနဲ့ လိုချင်တဲ့သူတွေက ထည့်စရာခွက်လေးတွေကိုင်ပြီး အိမ်ထဲက နေထွက်လာယူကြပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအများစု ထမင်းတွေ လာယူကြပါတယ်။

“ ကမ်းခြေမှာ ၀ါးတားဂိတ် ပထမတစ်ကြိမ်ချပြီးတဲ့အချိန်က စပြီးပေါ့နော်။ ကမ်းခြေက ၁၄ ရပ်ကွက်နေ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးက တဖြည်းဖြည်းနဲ့ လျော့ရဲလာတဲ့အတွက် ကျွန်တော်က ဒီအစီအစဉ်လေးကို လုပ်မယ်ဆိုပြီးတော့ စလုပ်ဖြစ်သွားတာပါ” လို့ ကိုဖြိုးကျော်သူက ဆိုပါတယ်။

သူက နံနက် ၄ နာရီလောက်မှာ အိပ်ရာထပြီးတော့ မောင်းမကန်ရွာက ဘုန်းကြီးကျောင်းသုံးကျောင်းဆီမှာ သုံးဘီးဆိုင်ကယ်နဲ့ မောင်းပြီး ဆွမ်းကျန်ထမင်းကျန်တွေ လိုက်ယူပါတယ်။ သုံးဘီးပေါ်မှာတော့ အမြင့်သုံးပေ၊ အနံနှစ်ပေ၊ အလျားလေး ပေလောက်ရှိတဲ့ အပြာရောင် ရေခဲပုံးတစ်ပုံးတင်ထားပါတယ်။

ဘုန်းကြီးကျောင်းသုံးကျောင်းပတ်လိုက်အပြီးမှာတော့ သူ့ရေခဲပုံးရဲ့ သုံးပုံတစ်ပုံလောက်ပြည့်သွားပါပြီ။ ဒါဆိုရင်တော့ သူထမင်းဝေတဲ့ နေရာဆီကိုဦးတည်ပြီးတော့ မောင်းသွားပါတယ်။ နေရာရောက်ရင်တော့ ထုံစံအတိုင်း အော်ခေါ်ပြီး တစ်အိမ်ပြီးတစ်အိမ်လိုက်ဝေပါတော့တယ်။

“ထမင်းယူကြဦးမလားဗျို့” သူ့ ဆီဆက်သွယ်ပြီး ဆန်၊ ဆီလှူပေးမယ့် အလှူရှင်ပေါ်လာရင်တော့ ထမင်းနဲ့တစ်ခါတည်း ဆန်နဲ့ဆီတွေကို ပေါင်းလှူပေးပါတယ်။

သူ အလှည့်ကျလိုက်ဝေပေးနေတာကတော့ ကမ်းခြေမှာ ရှပ်သီ ခြောက်တွေ၊ ကဏန်းကြော်၊ ငါးကြော်ရောင်းတဲ့ ခေါင်းရွက်ဗျပ်ထိုး သည်တွေ၊ ဘောကွင်းငှားတဲ့သူတွေ၊ စားသောက်ဆိုင်က ရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့ နေရာတွေမှာ အဓိကလိုက်ဝေပေးပါတယ်။

“ အခုက ကမ်းခြေကပိတ်ထားတော့ စားဝတ်နေရေးက အခက်အခဲနဲ့ ကြုံတွေ့လာတော့ သူများပေးစာ၊ ကမ်းစာနဲ့ပေါ့လေ။ ဘယ်သူလာပေး ပါမလဲဆိုပြီး မျှော်နေရတယ်။ အခုကတော့ ဘုန်းကြီးကျောင်းတွေကတော့ နှစ်ရက်တစ်ပတ်၊ သုံးရက် တစ်ပတ် အမြဲထမင်းဝေပေးတယ်။ အဲဒါလေးနဲ့စားနေရတာပေါ့” လို့ ကမ်းခြေမှာ အလှဆင်ခရုပုတီး ဝယ်ရောင်းနေတဲ့ ဦးစိုးဝင်းက ဆိုပါတယ်။

တစ်ခါတလေ နိုင်ငံခြားရောက်နေတဲ့ရွာသားတွေက ကိုဗစ်ကာလမှာ စားဝတ်နေရေး ခက်ခဲနေတဲ့သူတွေကို ဆန်အိတ်ဆယ်နဲ့ချီ လှူတာမျိုးလည်းရှိပါတယ်။ အဲဒီလိုဆိုရင်တော့ အရမ်းခက်ခဲနေတဲ့သူတွေကို ရွေးပြီး လိုက်လှူတာတွေရှိပါတယ်။

လှူတဲ့သူကနည်းပြီး ငတ်တဲ့သူကများနေတော့ စေတနာကနေ ဝေဒနာဖြစ်သွားရတဲ့ အဖြစ်အပျက်တွေလည်း ကြုံရတာလည်းရှိပါတယ်။ မရတဲ့သူတွေက သူတို့တစ်ဆင့် လိုက်လှူပေးတဲ့သူတွေကို မေတ္တာပို့တာ ကြတာတွေလည်း ရှိပါတယ်။ ဆွမ်းကျန်ထမင်းကျန်တွေ လိုက်ဝေတဲ့နေရာမှာလည်း အလားတူအဖြစ် မျိုးတွေရှိနေပါတယ်။

မောင်းမကန်ကမ်းခြေရဲ့ အစွန်းနားလေးမှာနေတဲ့ ဒေါ်အေးအေးမာတစ်ယောက်ကတော့ ထမင်းတွေ လိုက်ဝေနေတာတွေ၊ ဆန်တွေ ဝေပေးနေတာတွေကို သူလည်း ရချင်တယ်လို့ ဖွင့်ဟပါတယ်။ ဒါပေမဲ့ ဘာကြောင့်ရယ်မသိ လိုက်လှူပေးတဲ့သူတွေက သူတို့အိမ်နားကို ရောက်မလာကြဘူးတဲ့။

“ထမင်းလိုက်ဝေနေတာ ကျွန်မတို့ကတော့ တစ်ခါမှ မရဖူးပါဘူး။ ဒီဘက်ကိုလည်း တစ်ခါမှ မရောက်ဘူး။ ဝေမယ်ပေးမယ်ဆိုရင်တော့ လိုချင်တာပေါ့” လို့ ရေလုပ်သမဖြစ်ပြီး အခုအလုပ်လက်မဲ့ဖြစ်နေတဲ့ ဒေါ်အေးအေးမာက ကွမ်းတမြုံ့မြုံ့ဝါးရင်း ဆိုပါတယ်။

ဒီလိုတွေ အခက်အခဲဖြစ်နေကြပေမဲ့ မောင်းမကန်ကမ်းခြေကို ဆင်းတဲ့ လမ်းနှစ်သွယ်ကိုတော့ ဇန်နဝါရီ ၂၂ ရက်အထိ ပိတ်ထားဆဲပါ။ ပထမတစ်လမ်းကို ၀ါးလုံးတွေ၊ ချုံနွယ်တွေနဲ့ပိတ်ဆို့ထားပြီး ဒုတိယတစ်လမ်းကိုတော့ ၀ါးတားဂိတ်ဖွင့် ပြီး ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စောင့်ကြပ်နေပါတယ်။

၀ါးတားဂိတ်လမ်းကနေ ကမ်းခြေကိုလာတဲ့သူတွေထဲက လူစိမ်းလို့ ယူဆရတဲ့သူဆိုရင်တော့ တာဝန်ရှိသူတစ်ဦးဦးကထွက်လာပြီး ကမ်းခြေပိတ်ထားတဲ့အကြောင်း၊ သွားလို့မရတဲ့အကြောင်းပြောပြီး လှည့်ပြန်ခိုင်း ပါလိမ့်မယ်။ ရွာသားတွေဆိုရင်တော့ အမေးအမြန်းမရှိ သွားလာလို့ရပါတယ်။

မောင်းမကန်ကမ်းခြေနဲ့ တစ်ဆက်တည်းဖြစ်တဲ့ သဘော့ဆိပ်ရှိုင်သာယာလို့ ဒေသခံတွေက ခေါ်ကြတဲ့ ကမ်းခြေမှာတော့ အခါကြီးရက်ကြီးတွေ၊ ရုံးပိတ်ရက်တွေမှာ လူတွေစည်နေတတ်ပါတယ်။

ဒါတွေကိုကြည့်ပြီး မောင်းမကန်ကမ်းခြေက စားသောက်ဆိုင်ပိုင်ရှင်တွေက တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှုကို မေးခွန်းထုတ်နေကြပါတယ်။

“ တိုင်းအစိုးရကို ပြည်သူတွေ ဘယ်လောက်အထိ အခက်အခဲဖြစ်နေသလဲဆိုတာ လာကြည့်စေချင်တယ်။ ဘယ်လောက်အထိ အခက်အခဲဖြစ်နေသလဲဆိုရင် ဘုန်းကြီးကျောင်းကဆွမ်းကိုတောင်ယူပြီး စားနေရတဲ့ဘဝကိုတောင် ကျွန်မတို့ ရောက်နေကြပြီ” လို့ လင်းဆက်ဦး စားသောက်ဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းအေးက ညည်းတွားပါတယ်။

ကိုဗစ်ကာလမှာ တိုင်းအစိုးရရဲ့ ကမ်းခြေတွေကို စီမံခန့်ခွဲပုံကလည်း ဒေသခံတွေ မေးခွန်းထုတ်ချင်စရာပါ။ ကမ်းခြေက စားသောက်ဆိုင်တွေကို မြို့ပေါ်က ဆိုင်တွေလိုပဲ ရောင်းဖို့ ခွင့်ပြုထားပြီးတော့ ကမ်းခြေကိုတော့ လူတွေလာခွင့်မပေးထားပါဘူး။

တနင်္သာရီတိုင်းပြင်ပကနေ ရွှေ့ပြောင်းလာပြီး ကမ်းခြေက စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့သူတွေကိုလည်း ကိုဗစ်စဖြစ်တုန်းကလို ဒေါ်သန်းသန်းအေး ကျွေးမထားနိုင်တော့ပါဘူး။ ကမ်းခြေတွေ ပိတ်ထားတာက လတာရှည်နေပြီဆိုတော့ သူ့အလုပ်သမားတွေကို အခြားမှာသွားလုပ်ဖို့ လွှတ်ထားလိုက်ရပါတယ်။

ဒါပေမဲ့ အခြားအလုပ်မှာ အဆင်မပြေတဲ့အကြောင်း၊ ပြန်လာချင်တဲ့အကြောင်း နေ့စဉ်ဖုန်းဆက် ဆက်ပြီး သူ့အလုပ်သမားတွေက မေးနေတော့ ဒေါ်သန်းသန်းအေးလည်း ဆိုင်ရောင်းချင်လှပြီ။ သူတို့ ကိုယ်တိုင်တောင်မှ မဟန်နိုင်တဲ့ အခြေစိုက်နေရပြီလို့ သူကဆိုပါတယ်။

“ အစိုးရအနေနဲ့ ကိုဗစ်ကြောင့် ကမ်းခြေတွေကို ပိတ်ထားရတယ်ဆိုပေမဲ့လည်း ကျွန်မတို့မှာ တောင့်ထားလို့တောင်မနိုင်တဲ့ အခြေအနေတွေဖြစ်နေကြပြီ။ ၀ါးတားဂိတ်ကြီးကို ပြန်ဖွင့်ပေးပါလို့ပဲ တောင်းဆိုချင်တယ်” လို့ သူကဆိုပါတယ်။

မကြာမီရက်ပိုင်းအတွင်းမှာတော့ ကမ်းခြေတွေပြန်ဖွင့်ပေးတော့မယ်လို့ တိုင်းအစိုးရက ပြောဆိုပါတယ်။ ကမ်းခြေက စားသောက်ဆိုင်ပိုင်ရှင်တွေကဟာ ဝမ်းရေးတစ်နေ့ တခြားခက်ခဲလာလို့ တိုင်းအစိုးရဝန်ကြီးချုပ် ဦးမြင့်မောင်ဆီ ကိုယ်တိုင်သွားပြီးတော့ ကမ်းခြေဖွင့်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ စာလည်း ပို့ဖူးပါတယ်။

ဝန်ကြီးချုပ်ဘက်က တုံ့ပြန်လာတာကတော့ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးဆီသွားပြောပါတဲ့။ ဒါနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးဆီရောက်တော့ လူချင်းတွေ့ခွင့်မရတာ ဒီနေ့အထိပဲ လို့ဆိုကြပါတယ်။

ကမ်းခြေမှာ သရက်သီးနဲ့ ရှပ်သီခြောက်တွေရောင်းပြီးအသက် မွေးနေတဲ့ ဒေါ်မေဝင်းကတော့ ကမ်းခြေတွေဖွင့်ပေးပါလို့ အစိုးရကိုလည်း မတောင်းဆိုရဲ၊ ရှက်စိတ်ကြောင့် ထမင်းဝေပေးနေတာကိုလည်း သွားမယူရဲဘဲ ဒီအတိုင်းပဲ ရရာလုပ်၊ ရှိတာစားပြီး ကိုဗစ်ကို အန်တုနေတယ်ဆိုလေရဲ့။

“ဘာမှမပြောရဲဘူး။ ကြောက်တယ်။ အစိုးရကို။ သူတို့ကျွေးတာ ရှိရင်တော့စားမယ်။ ပြောတော့မရဲဘူး။ ကြောက်တယ်” လို့ ဒေါ်မေဝင်းက ရိုးရိုးသားသားပြောရှာပါတယ်။

ကိုဗစ်ဆိုတဲ့ ကပ်ရောဂါက လူတွေ အပြင်များများထွက်ပြီး စုစုဝေးဝေးတွေဖြစ်ရင် ရောဂါပိုပြန့်ပြီး လူသေဆုံးတာတွေ ပိုဖြစ်တယ်။ ဒါကြောင့် လူတွေအပြင်ထွက် လူစု၊ လူဝေးမလုပ်နိုင်အောင် တားမြစ်ပိတ်ဆို့တာတွေ လုပ်လာပါတယ်။ ဒီလိုပိတ်ဆို့တော့ လူတွေမှာ စားဝတ်နေရေး တဖြည်းဖြည်း ကျပ်တည်းလာပါတယ်။

ဒီလိုအချိန်မှာ ပညာရှင်တွေ မေးလာတဲ့မေးခွန်းတစ်ခုက “လူ့ အသက်ကယ်မလား၊ စီးပွားရေးကို ကယ်မလား” တဲ့။

သုံးဘီးဆိုင်ကယ်တစ်စီးနဲ့ ထမင်းလိုက်ဝေနေတဲ့ ကိုဖြိုးကျော်သူကတော့ တစ်ဖက်စောင်းနင်း လုပ်တာမျိုးမဟုတ်ဘဲ တစ်ခုနဲ့တစ်ခုကို ချင့်ချိန်မျှတအောင်လုပ်ရမယ်လို့ သူ့အမြင်ကိုပြောပါတယ်။ ဒါပေမဲ့ မောင်းမကန်ကမ်းခြေမှာ ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ မိုက်ရူးရဲဆန်စွာနဲ့ စီးပွားရေးဘက်လှည့်ပါလို့လည်း အစိုးရကို တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းအေးကတော့ သူ့ရဲ့အမြင်ကို အခုလိုဆိုပါတယ်။

“ကိုဗစ်အတွက်ကို မကြောက်ရဘဲနဲ့ ထမင်းငတ်ပြီးသေသွားမှာကို ကြောက်နေရတယ်။ ကိုဗစ်ဆိုတာ ကိုယ်ခံအားရှိမှ မတိုးနိုင်မှာ။ ဒါကြောင့် ရွေးပါဆိုလို့ရှိရင်တော့ စားဝတ်နေရေးကိုပြေလည်အောင် အရင်ရှင်းပေးပါလို့ ပြောပြီးမှပဲ ကိုဗစ်အကြောင်း နောက်မှဆက်ပြီး ကြိုးစားရမှာဖြစ်သွားပြီ” ။

Most Read

Most Recent