ဖာပွန်နှင့် ကျောက်ကြီးဒေသတွင်ဖြစ်ပွားခဲ့သည့် စစ်ရေးတင်းမာမှုများကြောင့် NCA တွင် အားနည်းချက် ရှိ မရှိ သုံးသပ်ပြီး ခိုင်မာသည့်စာချုပ်ဖြစ်ရေးညှိနှိုင်းရန် ကရင်အမျိုးသားပါတီ ထုတ်ပြန်

ဖာပွန်နှင့် ကျောက်ကြီးဒေသတွင်ဖြစ်ပွားခဲ့သည့် စစ်ရေးတင်းမာမှုများကြောင့် NCA တွင် အားနည်းချက် ရှိ မရှိ သုံးသပ်ပြီး ခိုင်မာသည့်စာချုပ်ဖြစ်ရေးညှိနှိုင်းရန် ကရင်အမျိုးသားပါတီ ထုတ်ပြန်
Published 23 January 2021
ဉာဏ်လင်းထွန်း

ကရင်ပြည်နယ်ဖာပွန်နှင့် ပဲခူးတိုင်း ကျောက်ကြီးဒေသတို့တွင် ဖြစ်ပွားခဲ့သည့် စစ်ရေးတင်းမာမှုများကြောင့် NCA ပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုရှိ မရှိနှင့် မည်သည့်အချက်တွင် အားနည်းချက်များ ရှိသည်ကို သုံးသပ်ကာ ခိုင်မာသည့် စာချုပ်ဖြစ်ရေး ပြန်လည်ညှိနှိုင်းရန် ကရင်အမျိုးသားပါတီ (KNP) က ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။

စစ်ရေးလှုပ်ရှားမှုနှင့် လမ်းဖောက်လုပ်မှုတို့ဖြင့် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာနှင့် ယခုနှစ်ဆန်းပိုင်းတွင် ဖာပွန်နှင့် ကျောက်ကြီးဒေသတို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုသို့ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးပြီး COVID-19 ကပ်ရောဂါကာလတွင် ယခုကဲ့သို့ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရခြင်းသည် လူသားချင်း စာနာမှုအရ မဖြစ်သင့်ကြောင်း ကရင်အမျိုးသားပါတီ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာသည့် ပြည်တွင်းစစ်ကြောင့် အရှေ့တောင်အာရှတွင် ချမ်းသာသည့် နိုင်ငံဘဝမှ ဆင်းရဲသည့် နိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည့်အပြင် တိုင်းရင်းသားချင်း ယုံကြည်မှုနည်းပါးခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများအတွက် ပြန်လည်ကုစားနိုင်မည့်ကာလကို မှန်းဆ၍ မရနိုင်သေးကြောင်း KNP ပါတီထုတ်ပြန်ချက်က ဆိုသည်။

အစိုးရအဆက်ဆက် ပြည်တွင်းစစ်ကို စစ်ရေးနည်းဖြင့်လည်းကောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းရေးသည် ယခုတိုင်အောင်မြင်မှုမရသေးဟု ကရင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိသော်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေခြင်းသည် NCA ရေးထိုးခဲ့ကြသည့် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိသက်သေများတွင် လုံးဝတာဝန်ရှိကြောင်း ကရင်အမျိုးသားပါတီ ထုတ်ပြန်ချက်က ဆိုသည်။

ကရင်ပြည်နယ် ဖာပွန်နှင့် ပဲခူးတိုင်း ကျောက်ကြီးဒေသတို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်စပ်လျဉ်း၍ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) နှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ကလည်း ပြီးခဲ့သည့် ရက်ပိုင်းတွင် သဘောထားကြေညာချက်များ အသီးသီးထုတ်ပြန်ထားသည်။

NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများသည်စာချုပ်ပါ သဘောတူညီချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွက် တပ်မတော်နှင့်  KNU အဖွဲ့တို့ ဆုံးဖြတ်ပိုင်ခွင့်ရှိသော အဆင့်မြင့်ခေါင်းဆောင်များ အမြန်ဆုံးညှိနှိုင်းအဖြေရှာရန် ကရင်ပြည်သူ့ပါတီက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။

တပ်မတော်နှင့် KNU ကြား တိုက်ပွဲများကြောင့် ပြည်သူများထိခိုက်ပျက်စီးမှုနှင့် ထွက်ပြေးတိမ်းရှောင် ရခြင်းများရှိ၍ ပစ်ခတ်တိုက်ခိုက်မှုဆက်မဖြစ်ရေးနှင့် တိုက်ပွဲများ ရပ်ဆိုင်းပေးရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကလည်း ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။