တပ်မတော်အနေဖြင့်၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလျံကျော် တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်နှင့် တရားမဝင် သယံဇာတ ထုတ်ယူလျက်ရှိသော တရားမဝင် ငါးဖမ်းလှေနှင့် မှောင်ခိုလှေ စုစုပေါင်း ၇၄ စီးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
တရားမဝင်သစ်များ နေရာဒေသတစ်ခုတည်းတွင် တစ်ချိန်တည်း မြောက်မြားစွာ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ အနောက်ဘက် ပင်လယ်ပြင်နှင့်ဆက်စပ်မြစ်ချောင်းများအတွင်းရှိ နေရာများမှ ရတနာတန်းဝင်ကျွန်းသစ် ၃၆၀ တန်အပါအဝင် ပိတောက်၊ ကညင်နှင့် အခြားသစ်များ စုစုပေါင်း ၃၆၂၉ ဒသမ ၄၅ တန်ခန့် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇ ဒသမ ၈ ဘီလျံခန့်) နှင့် အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီးတစ်စီးအပါအဝင် သင်္ဘော၊ စက်လှေ ၁၂ စီး၊ လူ ၆၁ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင်၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ အဖိုးတန်သစ်သယံဇာတများ တရားမဝင်ထုတ်ယူမှုများ ဖမ်းဆီးရမိမှုအနေဖြင့် ကချင်ပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၂၈၂ တန် ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန် ၁၅၀၀ ကျော်၊ ယာဉ်ယန္တရား ၄၈ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၁၂၀၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်းတန်ချိန်၂၁၀၀ ကျော်၊ ယာဉ်ယန္တရား ၈၄ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျွန်းသစ်တန်ချိန် ၁၂၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်းတန်ချိန်၂၅၀၀ ကျော်၊ ယာဉ်ယန္တရား ၃၉ စီးနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလျံကျော် တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်၊ ယာဉ်၊ ယန္တရား ၁၈၂ စီးနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် မြန်မာ့ကမ်းရိုးတန်းသည် အရှည်စုစုပေါင်း ရေမိုင် ၁၂၆၀ ဒသမ ၅၆ မိုင်၊ ပိုင်နက်ရေပြင်ဧရိယာစတုရန်းမိုင် တစ်သိန်းလေးသောင်းကျော်အထိ ကျယ်ဝန်းရှည်လျားကာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိပြီး စီးပွားရေးအချက်အခြာကျသည့် ပင်လယ်ရေလမ်းကြောင်းပိုင်နက်တစ်ခုဖြစ်သည့်အတွက် ကျယ်ဝန်းရှည်လျားသည့် မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သွားလာမှုများ မရှိစေရေး၊ အဖိုးတန် ရေအောက်သယံဇာတများကို တရားမဝင် ခိုးထုတ်ခြင်းများ မရှိစေရေးနှင့် ပင်လယ်ပြင်လုံခြုံရေးတို့အတွက် မြန်မာ့တပ်မတော် (ရေ) က ရေနဂါးစစ်ဆင်ရေးနှင့် မြစ်ဧရာစစ်ဆင်ရေးတို့ဖြင့် နေ့ညမပြတ် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ရေကြောင်း အကျိုးစီးပွားများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျယ်ပြန့်လာသဖြင့် ရေကြောင်းအကျိုးစီးပွားများကို ကာကွယ်ပေးရန်၊ ရေကြောင်းလုံခြုံရေးအား ထိရောက်စွာကာကွယ်ပေးရန်အတွက် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်လက်အောက်၌ မြန်မာနိုင်ငံ၏ ပိုင်နက် ပင်လယ်ပြင်နှင့် အတွင်းပိုင်း ရေပြင်လုံခြုံရေး၊ ဆိပ်ကမ်းများ လုံခြုံရေး၊ မြစ်ချောင်းများ လုံခြုံရေးတို့အား ဆောင်ရွက်ရန် ရေကြောင်းရဲတပ်ဖွဲ့အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊ စတင်ဖွဲ့စည်းစဉ် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များနှင့် စစ်ရေယာဉ်များ ပံ့ပိုးကူညီလွှဲပြောင်းပေးခဲ့ပြီး ရေကြောင်းအကျိုးစီးပွား ကာကွယ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော် (ရေ) အနေဖြင့် နိုင်ငံ့ရေ ပိုင်နက်ကာကွယ်ရေးတာဝန်များကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ တရားမဝင်ရေသယံဇာတများ ထုတ်ယူမှုမရှိရေးနှင့် ပိုင်နက်နယ်မြေအတွင်း တရားမဝင် ဝင်၊ ထွက်မှုများ မရှိစေရေးတို့အတွက် နေ့ညမပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင်သယံဇာတ ထုတ်ယူလျက်ရှိသော တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေခြောက်စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၃၀ ဦးကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆၈ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၄၃၄ ဦးကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး စုစုပေါင်းတရားမဝင် ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၇၄ စီး၊ မှောင်ခိုလုပ်ကိုင်သူ ၄၆၄ ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်တွင် ပါရှိသည်။















