ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆန္ဒအလျောက် နေရပ်ပြန်လိုသည့် နေရပ်စွန့်ခွာသူများအပေါ် ခြိမ်းခြောက်တားဆီးနေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို ဖော်ထုတ်၍ တားဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက တိုက်တွန်းပြောကြားသည်။
ဇန်နဝါရီ ၁၉ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်သည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆန္ဒအလျောက်နေရပ်ပြန်လိုသည့် နေရပ်စွန့်ခွာသူများအား ခြိမ်းခြောက်တားဆီးလျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများကိုဖော်ထုတ်၍ တားဆီးပေးရန် တိုက်တွန်းကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ချောမွေ့စေရေးအတွက် တရုတ်နိုင်ငံက ကူညီပေးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်ပို့ဆောင်၊ လက်ခံရေးဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုက်နာဆောင်ရွက်စေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်များပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအား ပြန်လည်လက်ခံရန် ရှေ့ပြေးစမ်းသပ် စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတွင် ပါဝင်သူများဖြင့် ပြန်လည်လက်ခံရေးကို စတင်နိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသူများ နေထိုင်သည့် စခန်းများတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုကြောင်း ထုတ်ဖော်ပြောကြားပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင်များအား ဆောလျင်စွာ ပို့ဆောင်ပေးစေလိုကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် ပြန်လည်ဝင်ရောက်လာသူများသည် မိမိသဘောဆန္ဒအလျောက် ပြန်လိုသူဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း နှစ်ဖက်သဘောတူညီထားသည့် သတ်မှတ်ပုံစံတွင် လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. LuoZhaohui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Mr. Masud Bin Momen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်ပို့ဆောင်၊ လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို ဆောလျင်စွာ အကောင်အထည်ဖော်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးတွင် ရောက်ရှိနေသူများအား ပြန်လည်နေရာချထားရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့်နေရပ်စွန့်ခွာသူများအနက် ဟိန္ဒူဘာသာဝင်များအပါအဝင် စိစစ်ပြီးသူများအား ပြန်လည်ပို့ဆောင်၊ လက်ခံရေးစသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် နှစ်ဖက်အစည်းအဝေးများ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပြန်လည်ပို့ဆောင်၊ လက်ခံရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။















