တိရစ္ဆာန်များအား ခြိမ်းခြောက်နေသည့် နှာခေါင်းစည်းများ၏ အန္တရာယ်

တိရစ္ဆာန်များအား ခြိမ်းခြောက်နေသည့် နှာခေါင်းစည်းများ၏ အန္တရာယ်
Photo: AFP
Photo: AFP
Published 17 January 2021
Ref: AFP

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန်အကူအညီပေးနေသည့် နှာခေါင်းစည်းများသည် တောရိုင်းတိရစ္ဆာန်များ၊ ငှက်များနှင့် ရေနေသတ္တဝါများအတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း သက်သေပြနေသည်။

လူတို့ အသုံးပြုပြီးစွန့်ပစ်လိုက်သော နှာခေါင်းစည်းများသည် တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာ နေရာများတွင် အမှိုက်သရိုက်အဖြစ် ပြန့်ကျဲလျက် ၎င်းတို့အားအန္တရာယ် ဖြစ်စေနိုင်သည်။

ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို လျှော့ချရန် ကမ္ဘာ့နိုင်ငံအများအပြားသည် နှာခေါင်းစည်းမတပ်မနေရ ထုတ်ပြန်ခဲ့သည့်အချိန်မှာစ၍ တစ်ခါသုံးခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများသည် လူသွားစင်္ကြံများ၊ ရေလမ်းခရီးများနှင့် ကမ်းခြေများတွင်အများအပြား ပြန့်ကြဲလျက်ရှိသည်ကိုတွေ့ရသည်။ တစ်ခါသုံး ပါးလွှာသော အကာအကွယ်ပစ္စည်းဖြစ်သည့် နှာခေါင်းစည်းများသည် ဆွေးမြည့်ရန် နှစ်ရာပေါင်းများစွာအချိန်ယူရနိုင်သည်။

“ နှာခေါင်းစည်းတွေဟာ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်ပေမဲ့ ကျွန်မတို့တွေ ဒီနှာခေါင်းစည်းတွေကို စည်းကမ်းမဲ့ လွှင့်ပစ်နေမယ်ဆိုရင် ဒီပစ္စည်းတွေဟာ ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေကြီးကို ကျွန်မတို့နဲ့အတူ မျှဝေအသုံးပြုနေတဲ့ တိရစ္ဆာန်တွေကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်” ဟု တိရစ္ဆာန်အခွင့်အရေးအဖွဲ့ဝင် အက်ရှ်လေ ဖရူနိုက ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်အပြင်ဘက်ရှိ တောင်ကုန်းတစ်ခုတွင် စွန့်ပစ်ထားသောနှာခေါင်းစည်းတစ်ခု၏ ကြိုးကိုဝါးနေသော Macaques မျောက်များကိုတွေ့မြင်ရပြီး သေးငယ်သောမျောက်များအတွက် အသက်ရှုကျပ်သည့်အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့်အလားအလာကို မြင်တွေ့နိုင်ပေသည်။

ဗြိတိန်နိုင်ငံ ချမ်းစ်ဖောဒ့်မြို့တွင် စင်ရော်ငှက်တစ်ကောင်၏ခြေထောက်သည် နှာခေါင်းစည်းတစ်ခု၏ကြိုးများနှင့် သီတင်းတစ်ပတ်ကြာ ငြိနေသောကြောင့်တိရစ္ဆာန်များအား ညှင်းပန်းနှိပ်စက်မှုမှ ကာကွယ်ပေးရေးအတွက် တော်ဝင်အဖွဲ့အစည်း (RSPCA) က ကယ်ဆယ်ပေးခဲ့ရသည်။

စင်ရော်ငှက်သည်အသက်ရှင် လျက်ရှိနေသော်လည်းမလှုပ်ရှားနိုင်သည့်အခြေအနေကြောင့် RSPCA အဖွဲ့အား အကြောင်းကြား၍ ကယ်ဆယ်ခဲ့ရပြီး ၎င်းအား ပြန်လွှတ်မပေးမီ တိရစ္ဆာန်ကုသရေးဆေးခန်းတွင် ဆေးကုသပေးခဲ့သည်။

“ နှာခေါင်းစည်းရဲ့ မျှော့ကြိုးဟာ ငှက်ရဲ့ခြေထောက်တွေကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားတဲ့အတွက် သူ့ရဲ့အဆစ်တွေဟာရောင်ရမ်းပြီး နာကျင်နေခဲ့ရပါတယ်” ဟု RSPCA ၏ စစ်ဆေးရေးအရာရှိ အဒမ်ဂျုံးစ်က ပြောကြားခဲ့သည်။

အဆိုးရွားဆုံးအကျိုးသက်ရောက်မှုမှာ ပင်လယ်နှင့် မြစ်ချောင်း အင်းအိုင်တို့တွင် ဖြစ်ပြီး အသုံးပြုပြီးသား နှာခေါင်းစည်းများ၊ ရာဘာ စေးလက်အိတ်များနှင့် အခြားဗိုင်းရပ်စ်ကာကွယ်သည့်ပစ္စည်းများသည် ပင်လယ်နှင့်မြစ်များကို ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည်။

လွန်ခဲ့သည့်နှစ်က နှာခေါင်းစည်း ၁.၅ ဘီလျံကျော်သည် ကမ္ဘာ့သမုဒ္ဒရာထဲသို့ရောက်ရှိခဲ့ပြီး ရေထုအတွင်း ပလတ်စတစ်ညစ်ညမ်းမှု၏ နောက်ထပ် တန် ၆၂၀၀ နီးပါးရှိသည် ဟု Oceans Asia သဘာဝပတ်ဝန်းကျင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

နှာခေါင်းစည်းများသည် ရေနေသတ္တဝါများ၏နေထိုင်မှုကို ပိုမိုခြိမ်းခြောက်စေသည့်လက္ခဏာရပ်များလည်း ရှိခဲ့သည်။

ဘရာဇီးနိုင်ငံရှိ ကမ်းခြေတစ်ခုတွင် သောင်တင်လာသောပင်ဂွင်းတစ်ကောင်၏ အစာအိမ်ထဲတွင် နှာခေါင်းစည်းတစ်ခုကိုတွေ့ရှိခဲ့ပြီး အမေရိကန်နိုင်ငံ မိုင်ယာမီကမ်းရိုးတန်းတွင် တွေ့ရှိရသော ငါးပူတင်းငါးသေတစ်ကောင်၏ ဗိုက်ထဲတွင်လည်း အလားတူတွေ့ရှိခဲ့သည်။

စက်တင်ဘာလကလည်း မြေထဲပင်လယ်အနီးရှိ ရေငံထုံးအိုင်တစ်ခုတွင် နှာခေါင်းစည်းတစ်ခုနှင့် ငြိ၍ သေနေသောဂဏန်းတစ်ကောင်အား ပြင်သစ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Operation MerPropre က တွေ့ရှိခဲ့သည်။

နှာခေါင်းစည်းများ၊ လက်အိတ်များသည် ပင်လယ်နေသတ္တဝါများအတွက် ပြဿနာတစ်ရပ်ဖြစ်သည်ဟု အမေရိကန်အခြေစိုက် NGO အဖွဲ့ဖြစ်သည့် Ocean Conservancy ၏သိပ္ပံပညာရှင်အကြီးအကဲ ဂျော့လီယိုနာဒ့်က ပြောကြားခဲ့သည်။

Oceans Asia အဖွဲ့က အစိုးရများအနေဖြင့် နှာခေါင်းစည်းများ စည်းကမ်းမဲ့စွန့်ပစ်မှုအတွက် ဒဏ်ငွေတိုးမြှင့်ကောက်ခံရန်နှင့် လျှော်ဖွတ်၍အသုံးပြုနိုင်သော နှာခေါင်းစည်းများကို အသုံးပြုကြရန် တိုက်တွန်းသင့်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent