စင်ကာပူနိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ဖြတ်သန်းမောင်းနှင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း သို့မဟုတ် အခကြေးငွေပေးဆောင်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလခရစ်ရှ်နန် က ဧပြီ ၇ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စင်ကာပူအနေဖြင့် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်နှင့် ပတ်သက်ပြီး အီရန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခြင်းသည် မူဝါဒပိုင်းအရ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။
လွှတ်တော်အစည်းအဝေးတွင် အလုပ်သမားပါတီမှ လွှတ်တော်အမတ် ဖဒ်လီ ဖော်ဇီက စင်ကာပူအလံတင် သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် အစိုးရအနေဖြင့် အီရန်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်း ရှိ၊ မရှိ နှင့် ရေလက်ကြားကို ဖြတ်သန်းရန်အတွက် အခကြေးငွေပေးဆောင်မည် ဟုတ်၊ မဟုတ် နိုင်ငံခြားရေးဝန်ကြီး ဘာလခရစ်ရှ်နန်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ဘာလခရစ်ရှ်နန်က လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုသည်မှာ နိုင်ငံတကာဥပဒေအရ ရရှိထားသည့် အခွင့်အရေး (right) တစ်ခုသာဖြစ်ပြီး ကမ်းရိုးတန်းနိုင်ငံများက အာမခံပေးရသည့် အခွင့်ထူး (privilege) တစ်ခုမဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
သင်္ဘောများ ဖြတ်သန်းခွင့်အတွက် အီရန်နှင့် ညှိနှိုင်းခြင်း သို့မဟုတ် အခကြေးငွေပေးဆောင်ခြင်းသည် နိုင်ငံတကာဥပဒေ၏ အခြေခံမူများကို ချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
"နိုင်ငံတကာ ရေကြောင်းသွားလာရေးအတွက် အသုံးပြုတဲ့ ရေလက်ကြားတွေနဲ့ ပတ်သက်ပြီး စင်ကာပူရဲ့ ရပ်တည်ချက်ဟာ နှစ်ပေါင်းများစွာကြာ တည်တံ့ခိုင်မြဲခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားဟာ မလက္ကာရေလက်ကြားနဲ့ စင်ကာပူရေလက်ကြားတွေလိုပဲ နိုင်ငံတကာ ရေကြောင်းသွားလာရေးအတွက် အသုံးပြုတဲ့ ရေလက်ကြားတစ်ခု ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ အရှိတရားဖြစ်ပြီး ကျွန်တော်တို့ဘက်ကတော့ ဘယ်လိုအကြောင်းပြချက်၊ ဘယ်လိုငြင်းခုံမှုနဲ့ ဘယ်လိုသံသယမျိုးမှ ရှိနေမှာမဟုတ်ပါဘူး" ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေသဘောတူညီချက် (UNCLOS) သည် ရှင်းလင်းပြတ်သားသော ဥပဒေမူဘောင်ကို ချမှတ်ပေးထားကြောင်း ၎င်းက ကိုးကားပြောဆိုခဲ့သည်။
"အဲဒီမှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ဆိုတာ ရှိပါတယ်။ ဒါဟာ ကမ်းရိုးတန်းနိုင်ငံတွေက ခွင့်ပြုပေးရမယ့် အခွင့်ထူးတစ်ခု မဟုတ်သလို၊ အခကြေးငွေ ပေးဆောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံအားလုံးရဲ့ သင်္ဘောတွေ ဖြတ်သန်းသွားလာခွင့်ရှိတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်" ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
Ref: The Online Citizen
Photos- AFP















