ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တပ်မတော်သားများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက လွှတ်တော်နာယကထံ တောင်းဆို

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တပ်မတော်သားများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက လွှတ်တော်နာယကထံ တောင်းဆို
Published 11 January 2021

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တပ်မတော်သားများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ဇန်နဝါရီ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ စုစည်းတင်ပြ တောင်းဆိုခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်၌  ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်တွင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးခြင်း မရှိသေးသော်လည်း လွှတ်တော် အစည်းအဝေးများကို ခေါ်ယူကျင်းပတော့ခြင်းမရှိဘဲ တတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူသည်ကို တွေ့ရှိရကြောင်း ၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ကျန်ရှိနေသည့် လွှတ်တော် သက်တမ်း၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး မဆုံးရှုံးစေရန်အတွက် လည်းကောင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန်အတွက် လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် နိုင်ငံတော်အခြေခံမူများ မပျက်ယွင်းအောင် ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်း ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့နှင့်အညီ တောင်းဆိုခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ တောင်းဆိုရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံကျော် ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်တွင် ပထမအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးခြင်း မရှိသေးသည့်အတွက် လွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ အထိ လည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ  ၂၈ ရက်အထိ လည်းကောင်း ဆက်လက် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။