အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးရရှိခြင်းမဟုတ်ဘဲ ပြည်ထောင်စုအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးတိုင်းကို လူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုအပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝရရှိသည့်အချိန်မှသာလျှင် ငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေသို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာပေးပို့သည်။
ထိုအခွင့်အရေးများကိုလည်း နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားရှိရန် လိုအပ်ကြောင်းလည်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရွေးကောက်ခံအစိုးရ၏ အုပ်ချုပ်ရေး မဖွဲ့စည်းနိုင်သေးသည့် ကာလတွင် တိုင်းရင်းသားများနှင့် အစိုးရအကြား တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ထို့အတွက် KNU က ရည်ရွယ်ချက်အတိုင်း ဦးတည်လုပ်ဆောင်လျက် ရှိကြောင်းနှင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကရင်အမျိုးသားတိုင်းသည်လည်း ကျရာအခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်ရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ကရင်အမျိုးသားများ၏ သမိုင်းတစ်လျှောက်တွင် အခြားလူမျိုးများနည်းတူ ရှင်သန်ရပ်တည်ပြီး ခေတ်နှင့်အညီ ရှင်သန်တိုးတက်နိုင်ရန် ဥပဒေဖြင့် အကာအကွယ်ပေးခြင်း၊ အခွင့်အရေးများ ပေးထားခြင်းနှင့် အားပေးအားမြှောက်မှုများကို မရရှိခဲ့ကြောင်း၊ လွတ်လပ်မှု၊ တန်းတူမှုနှင့် အမျိုးသားရေးအရ တရားမျှတမှုများအပြင် လူသားများဖြစ်သည့်အလျောက် လူမျိုးတစ်မျိုး၏ ရပိုင်ခွင့်များဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေးများကို မရရှိခဲ့ကြောင်း KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ပါရှိသည်။
ကရင်အမျိုးသားများအနေဖြင့် ထိုအခွင့်အရေးများ ရရှိရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ်ခဲ့ကြရပြီး နောက်ဆုံးတွင် မဖြစ်မနေ လက်နက်ကိုင် ခုခံတော်လှန်ခဲ့ကြရသည့်အဆင့်သို့ ရောက်ရှိခဲ့ရကြောင်း၊ ကရင်အမျိုးသားခေါင်းဆောင်များ ဖွဲ့စည်းတည်ေထောင်ပြီး ကရင်အမျိုးသားများ၏ တာဝန်ပေးအပ်မှုအရ KNU အနေဖြင့် လက်နက်ကိုင် ခုခံတိုက်ပွဲဝင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်ကြောင်း KNU ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့သည်။
ယခုလက်ရှိအချိန်တွင် KNU နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် လက်နက်ဖြင့် တိုက်ပွဲဝင်ကြသည့် နည်းလမ်းများကို ရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲကာ အစိုးရနှင့် ထိုအခွင့်အရေးများအတွက် နိုင်ငံရေးအရ ဆွေးနွေးအဖြေ ရှာနေကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ကရင်အမျိုးသားများသည် မိမိတို့၏ အမျိုးသားရေးဆိုင်ရာ ဂုဏ်အင်္ဂါရပ်များကို ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ လူမျိုးတစ်မျိုးအနေဖြင့် အခန်းကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်နိုင်ရန် ခေတ်နှင့်လျော်ညီသော ပညာရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေဟု KNU ဥက္ကဋ္ဌက သဝဏ်လွှာတွင် ရေးသားထားသည်။