ရွေးကောက်ပွဲပြုလုပ်ရန်ကျန်နေသည့် ရခိုင်ပြည်နယ် မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရေး အလေးထားတိုက်တွန်းကြောင်း တပ်မတော်ထုတ်ပြန်

ရွေးကောက်ပွဲပြုလုပ်ရန်ကျန်နေသည့် ရခိုင်ပြည်နယ် မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရေး အလေးထားတိုက်တွန်းကြောင်း တပ်မတော်ထုတ်ပြန်
Published 8 January 2021
ဇော်မင်းနိုင်

ရွေးကောက်ပွဲပြုလုပ်ရန် ကျန်နေသည့် ရခိုင်ပြည်နယ် မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပရေး အလေးထားတိုက်တွန်းကြောင်း တပ်မတော်က ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး၊ မဲပေးခွင့်ရှိသူအားလုံး သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် အေးချမ်းတည်ငြိမ်စွာ မဲပေးနိုင်စေရေး၊ နိုင်ငံသားတိုင်း၏ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရေး အကြိမ်ကြိမ် ထုတ်ပြန်ချက်များဖြင့် ဆန္ဒသဘောထားဖော်ပြပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်၌ လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း၊ မိမိဒေသနှင့် ဒေသခံလူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ရွေးကောက် ပွဲမှတစ်ဆင့် ရွေးချယ်နိုင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းကြောင့် ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မိုင်းကိုင်မြို့နယ်တို့တွင်ရွေး ကောက်ပွဲများဆောလျင်စွာ အမြန်ဆုံးကျင်းပနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အလေးထားတိုက်တွန်းကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်ပြီး AA အဖွဲ့က ပြန်လည်ကျင်းပပေးရန် မေတ္တာရပ်ခံမှုအပေါ် ကြိုဆိုသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအကျိုးရလဒ်အနေဖြင့်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုမရှိအောင် နှစ်ဘက်စလုံးက ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပရန် အဓိကထားလျက် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီအနေဖြင့် AA အဖွဲ့နှင့်ဆွေးနွေးခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့နှင့် ရှမ်းပြည်နယ်ရှိ မိုင်းကိုင်မြို့နယ်တို့အား ရွေးကောက်ပွဲကို ဆိုင်းငံ့ထားသည်။

 

Most Read