မွန်ပြည်နယ်အတွင်း COVID-19 Positive လူနာတွေ့ရှိမှု အနည်းငယ် ကျဆင်းနေသော်လည်း ထိန်းချုပ်နိုင်သေးသည့် အခြေအနေမရှိသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ ဝတ်မှုံက ပြောကြားသည်။
“လက်ရှိ အနေအထားအရက ပိုးတွေ့မှုက နည်းနည်းလေး ကျလာတယ်။ ဒါပေမဲ့ ထိန်းချုပ်နိုင်တယ်လို့တော့ ပြောလို့ မရသေးဘူး။ ကပ်ရောဂါ အခြေအနေက တက်လိုက်ကျလိုက် နဲ့ မှန်းလို့တော့ မရဘူး။ လောလောဆယ် Positive လူနာ နည်းသွားတာလောက်ပဲ ရှိပါတယ်”ဟု ဒေါက်တာဝတ်မှုံက ပြောကြားသည်။
လက်ရှိ မွန်ပြည်နယ်အတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များ မရှိတော့ဘဲ စားသောက်ဆိုင်များလည်း ပြန်ဖွင့်၍ရနေပြီ ဖြစ်သည့်အတွက် လူများ ပြန်ထွက်လာနိုင်ကြောင်း၊ ထို့ကြောင့် စည်းကမ်းလိုက်နာမှုအပိုင်း လျော့မသွားစေရန် ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေးအပိုင်းကို ပိုပြီး လုပ်ဆောင်ပေးနေကြောင်း၊ အပြင်ထွက်ပါက Mask တပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို သိရှိစေရန်အတွက် ဟောပြောမှုများ ဆက်လက် လုပ်ဆောင်ပေးနေကြောင်း ဒေါက်တာဝတ်မှုံက ဆိုသည်။
“ရန်ကုန်ပြန်တွေနဲ့ ပတ်သက်လို့ ညဘက် ပိုးတွေ့လူနာစာရင်း ထွက်လာရင် ရန်ကုန်ပြန် Quaratine ဝင်နေတဲ့သူတွေ၊ Hotel Quarantine ဝင်နေကြတဲ့သူတွေ၊ CBFQ ကလူတွေမှာ တွေ့နေတုန်းပါပဲ။ တွေ့တဲ့ Positive လူနာတွေကိုလည်း Isolation Ward တွေမှာ ထားပေးနေတုန်းပါပဲ။ ဒါပေမဲ့လည်း ရန်ကုန်ကပြန်လာပြီး ရပ်ကွက်တွေထဲ ရောက်သွားတာတွေကိုတော့ ကျွန်မတို့လည်း မသိလိုက်တာတွေ ရှိပါတယ်”ဟု ဒေါက်တာဝတ်မှုံက ဆက်လက် ပြောကြားသည်။
မွန်ပြည်နယ်အတွင်း COVID-19 ရောဂါနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ COVID-19 Positive လူနာ ၂၅၂၉ ဦးအထိရှိခဲ့ပြီး ရောဂါပျောက်ကင်း သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၂၂၇ ဦး ရှိကာ ဓာတ်ခွဲအတည်ပြုလူနာ ၂၅ ဦးအထိ သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။















