AA ဆေးဝါးကုမ္ပဏီက Favipiravir အပေါ် ပြန်လည်ရှင်းလင်းချက်မှာ FDA အတည်ပြုချက် တရားဝင်ရရှိခြင်း မရှိသေးကြောင်း ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်းဖြစ်ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ရှင်းပြ

AA ဆေးဝါးကုမ္ပဏီက Favipiravir အပေါ် ပြန်လည်ရှင်းလင်းချက်မှာ FDA အတည်ပြုချက် တရားဝင်ရရှိခြင်း မရှိသေးကြောင်း ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်းဖြစ်ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ရှင်းပြ
Photo : AA Medical Products Ltd
Photo : AA Medical Products Ltd
Published 3 January 2021

AA ဆေးဝါးကုမ္ပဏီက Favipiravir ဆေးအပေါ် ပြန်လည်ရှင်းလင်းချက်မှာ FDA အတည်ပြုချက် တရားဝင်ရရှိခြင်း မရှိသေးကြောင်း ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ရှင်းပြခဲ့သည်။

ဇန်နဝါရီ ၁ ရက် ညပိုင်းက AA ဆေးဝါးကုမ္ပဏီက ၎င်းတို့၏ ကုမ္ပဏီ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် “COVID-19 Virus အပါအဝင် Influenza virus များ ကုသရန်အတွက် Anti-viral ဆေး FAVIPAC (Favipiravir) နှင့် ပတ်သက်၍ အများပြည်သူသိရှိစေရန် ရှင်းလင်းတင်ပြချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရှင်းလင်းတင်ပြချက်တွင် FDA Approval နှင့်ပတ်သက်၍ Pacific Medical Industries Ltd (PMI) ဆေးဝါး စက်ရုံ၏ Antiviral Generic Medicine FAVIPAC (Favipiravir 200 mg) tablet အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါး မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခဲ့ရာ Myanmar FDA ၏ စိစစ်မှုအဆင့်ဆင့်ကို အောင်မြင်သောဆေးများကို ကြေညာထားသည့် ဒီဇင်ဘာ ၂၀၂၀ FDA notice board (FDA) ကြေညာသင်ပုန်း) တွင် အခြားအောင်မြင်သော ဆေးများနှင့်အတူ ကြေညာခဲ့ကြောင်း၊ ထို့နောက် FDA အရာရှိ လက်မှတ်ထိုးလျက် ဆေးဝါးမှတ်ပုံတင်ခြင်းကို ခွင့်ပြုကြောင်း (Registration approve) စာထုတ်ပြီး ဆေးဝါးမှတ်ပုံတင်ကြေး (Registration Fees) ပေးသွင်းရန် PMI စက်ရုံသို့ ဒီဇင်ဘာ၂၃ ရက်တွင် FDA က အကြောင်းကြားလာကြောင်း၊ ထိုအကြောင်းကြားစာအရ ဆေးဝါး မှတ်ပုံတင်ကြေးပေးသွင်းပြီး ထိုပေးသွင်းပြီး ကြောင်း အထောက်အထားကို FDA သို့ ပြန်လည် ပေးပို့ပြီးဖြစ်ကြောင်းနှင့် FDA ၏ အကြောင်းကြားစာပါ ဖော်ပြချက်အရ ဆေးဝါးမှတ်ပုံတင်လက်မှတ် Favipiravir မူရင်း ရရန်သာ ကျန်ရှိကြောင်း  ယင်းဆေးဝါးကုမ္ပဏီ၏ ရှင်းလင်းတင်ပြချက်တွင် ရေးသားထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ပြန်လည်ရှင်းလင်းချက် ထုတ်ထားတာနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ FDA မရရှိသေးကြောင်း သူတို့ပြောသွားတယ်ပေါ့။ သူတို့ တရားဝင် မရသေးဘဲနဲ့ သူတို့ဆန္ဒစောပြီးတော့ ဝမ်းသာအားရနဲ့ ပြောမိတယ်လို့ သူတို့ကတော့ ဖြေရှင်းသွားတာပေါ့။ ဒါပေမဲ့ နဂိုကတည်းက ပြောရမယ်ဆိုရင် ဒါဟာ COVID ကုသဆေးလို့ ဘယ်ကမှ အသိအမှတ်ပြုထားတယ် ဆိုတာလည်း မရှိဘူး။ သူက တုပ်ကွေးကာကွယ်ဆေး ဖြစ်တယ်။ ၂၀၁၄ ခုနှစ်ကတည်းက တွေ့ရှိထားတဲ့ဆေးဖြစ်တယ်။ အခုမှ အသစ်ထွက်ထားတဲ့ ဆေးလည်း မဟုတ်ပါဘူး။ နောက်တစ်ခု ဆေးက Side Effect တွေရှိတဲ့ အတွက်ကြောင့်မို့ ဒါဟာ အထူးသတိထားပြီးတော့ သမားတော်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ သုံးရမယ့်ဆေးလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Favipiravir ဆေးဝါးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဌာနခွဲမှ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။ (ဆက်သွယ်၍ ရရှိပါက ထပ်မံဖော်ပြပေးမည် ဖြစ်ပါသည်)။

ထို့ပြင် AA ဆေးကုမ္ပဏီ၏ ရှင်းလင်းတင်ပြချက်များအနက် ယင်းဆေးနှင့်ပတ်သက်ပြီး အချက်အလက် အကိုးအကားများကိုလည်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုသမှုနည်းလမ်း တိကျစွာ တူညီခြင်းမရှိဘဲ သင့်တော်သည့် နည်းလမ်းများကိုသာ ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်ပင် Remdesivir ဆေးဝါးနှင့် ပတ်သက်ပြီး လက်ခံသည့် ဆရာဝန်အုပ်စုနှင့် လက်မခံသည့် ဆရာဝန်အုပ်စုဟူ၍ အမျိုးမျိုး ကွဲပြားနေကြောင်း၊ လူနာ၏ အခြေအနေ၊ သုတေသန အချက်အလက်များအပေါ် အခြေခံပြီး အရေးပေါ် အခြေအနေတွင် သုံးစွဲရသော ဆေးအဖြစ် Favipiravir နှင့် Remdesivir တို့ကို ချင့်ချိန်သုံးစွဲ နေကြခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းအချက်များနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ဒီ Report တွေအရ သုတေသန စာတမ်းတွေမှာလည်း ဒါတွေသုံးထားပါတယ်လို့ ပြောပေမယ်လို့ အဲဒီသုတေသန စာတမ်းတွေသည် Long Long ago ကပေါ့။ Long Long ago ဆိုတာ ဧပြီ၊ မေ၊ ဇွန်က လုပ်ထားတဲ့ သုတေသနတွေ ဖြစ်ပါတယ်။ ဒီရောဂါသည် တစ်ခါမှ မပေါ်ဖူးသေးတဲ့ ရောဂါအသစ် ဖြစ်ပါတယ်။ လူတွေမှာလည်း တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ရောဂါဖြစ်တဲ့အတွက် ဒါကြောင့် သိပ္ပံပညာရှင်တွေကလည်း ဒီရောဂါနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် ထပ်ထပ်ပြီး ပိုပြီးသိရအောင်လို့ တောက်လျှောက် စူးစမ်းရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း မသိတဲ့အရာတွေလည်း အများကြီး ကျန်ပါသေးတယ်။ ဥပမာ ရောဂါကူးစက်မှု ခံရပြီးရင် ဒီလူက ဘယ်လောက်အထိ Immunity က ကျမှာလဲ။ ဒါတွေကိုလည်း ဆက်ပြီး လေ့လာနေတုန်းပဲ။ ဒီနေရာမှာ တစ်ရက်နဲ့ တစ်ရက်တောင်မှ တွေ့ရှိချက်တွေက မတူပါဘူး။ မနေ့က တွေ့ရှိချက်နဲ့ ဒီနေ့တွေ့ရှိချက်တောင် မတူပါဘူး။ ဥပမာ ဒီဇင်ဘာ ၃၀ မတိုင်ခင်ကဆိုရင် Oxford ကာကွယ်ဆေးကဆိုရင် Approve မဖြစ်သေးဘူး။ နောက် ဒီဇင်ဘာ ၃၀ ကျမှ Approve ဖြစ်တဲ့အတွက် ကာကွယ်ဆေးကို ထိုးနှံဖို့လုပ်တယ်။ ထိုးနှံတဲ့အခါမှာ ဘယ်လို ထိုးနှံမယ် စသဖြင့်ပေါ့။ ပြောချင်တာက တစ်ရက်နဲ့ တစ်ရက်တောင် မတူတဲ့ အတွက်ကြောင့်မို့  ဒေတာအဟောင်းတွေ ဟိုး Long Long ago ကတွေ့ရှိချက်တွေကဆိုရင် လက်ရှိနဲ့ အံမဝင်ပါဘူး။ နောက်တစ်ခုက ဒီဆေးနဲ့ ပတ်သက်လို့ ရှိရင်လည်း US CDC ကရော၊ WHO ကရော ဒါကို ကုသဆေးအဖြစ်နဲ့ မသတ်မှတ်ထားပါဘူး။ အသုံးမပြုခိုင်းပါဘူး” ဟု ရှင်းပြသည်။

ဂျပန်နိုင်ငံတွင်လည်း Fuji Film ကုမ္ပဏီက Favipiravir နှင့်ပတ်သက်ပြီး ဂျပန်အစိုးရထံ အတည်ပြုနိုင်ရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုအပေါ် တိကျသော အထောက်အထားများ မရှိသဖြင့်  ကုမ္ပဏီဘက်က တင်သွင်းချက်ကို အစိုးရဘက်က ရွှေ့ဆိုင်းထားသည့် ဖြစ်စဉ်များရှိကြောင်း ဒေါက်တာခင်ခင်ကြီးက ထောက်ပြသည်။

“ဂျပန်အစိုးရဘက်က ကျန်းမာရေး တာဝန်ရှိသူတွေက သူတို့ပြထားတဲ့ ဒီ Clinical Data တွေ လူနာတွေမှာ စမ်းသပ်ပြီးတော့ တွေ့ရှိထားတဲ့ ရလဒ်တွေကဆိုရင် ဒီဆေးကို COVID-19 ကုသတဲ့အခါမှာ အသုံးပြုရ လောက်တဲ့အထိ ပြောနိုင်တဲ့ အထောက်အထားတွေ မလုံလောက်ဘူး။ မရှိဘူး။ ဒါကြောင့်မို့ သူတို့တွေရဲ့ တင်သွင်းချက်ကို ရွှေ့ဆိုင်းလိုက်တယ်။ ဒါ အခု ၂၀၂၁ ခုနှစ် ဒီနှစ်ထဲမှာတော့ ပြန်ပြီးတော့ Review လုပ်မယ်။ ကုမ္ပဏီဘက်ကလည်း သူတို့တွေ့ရှိချက် အသစ်တွေကို ပြန်ပြီးတင်မယ်ပေါ့။ ဒါနဲ့ပတ်သက်လို့ အရင်ပြီးခဲ့တဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မေလလောက်မှာတော့ Approve ဖြစ်နိုင်တယ်လို့ ဂျပန်အစိုးရ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလောက်နဲ့တောင် မဖြစ်နိုင်ဘူး။ ဒီထက်ကြာနိုင်တယ် ဆိုပြီးတော့ သုံးသပ်ထားတယ် ဆိုပြီးတော့ ဒီဇင်ဘာ ၂၂ ရက်နေ့က နောက်ဆုံးထုတ်တဲ့ Japan Time မှာလည်း Favipiravir နဲ့ပတ်သက်ပြီး ပြောထားတာ ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။