COVID-19 ကြောင့် ယာယီပိတ်ထားသော ယုဇနပလာဇာရှိ ဆိုင်ခန်းများအားလုံး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
ယုဇနပလာဇာမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် အဆိုပါ ကုမ္ပဏီ အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုဆောင်ရွက်ရမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ဇန်နဝါရီ ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ဦးလှဌေးက ပြောကြားသည်။
“ယုဇနပလာဇာက ၆ ရက်ကို ပြန်ဖွင့်မှာပါ။ ယုဇနပလာဇာက ပုဂ္ဂလိကကုမ္ပဏီက ပိုင်ဆိုင်တဲ့ ပုဂ္ဂလိက စျေးတစ်ခုဖြစ်နေတာပေါ့။ အဲ့ဒီတော့ ဒီကုမ္ပဏီအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုလုပ်ရမယ်။ သူတို့ရဲ့ တာဝန်ယူတာဝန်ခံမှုနဲ့အတူ ပလာဇာကို ကျန်းမာရေးအစီရင်ခံမှုတွေ ဆောင်ရွက်ပြီးတော့ ကျွန်တော်တို့သက်ဆိုင်ရာ ကိုဗစ်ကော်မတီကနေ စစ်ဆေးမယ်။ ဒီရက်ပိုင်းအတွင်းပေါ့။ ပြီးရင်တော့ ၆ ရက်မှာပဲ စပြီးတော့ ဖွင့်လှစ်ရောင်းချပါမယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
စျေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ရောဂါကူးစက်နှုန်း ပိုမိုများပြားလာသည့် အခြေအနေဖြစ်လာပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမည်ဟု ဦးလှဌေးက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့က အရင်တုန်းကလဲ ကိုဗစ်စတွေ့တုန်းက ဒီလိုပဲ ပိတ်ခဲ့တယ်။ ပြီးတော့ပြန်ဖွင့်တဲ့အခါမှာ ရောဂါပိုးတွေ တွေ့လာတယ်ဆိုရင်တော့ သူတို့ကို လုပ်ထုံးလုပ်နည်းအတိုင်းပဲပေါ့ ။ ရောဂါပိုးတွေ့တဲ့ လူနာကို ဆေးကုသမှုခံယူဖို့ ပို့သင့်တာတွေကိုပို့တယ်။ အရင်ကဆို သူနဲ့ထိစပ်သူတွေ ကွာရန်တင်းဝင်ရတယ်။ ဆိုင်တွေကိုပိတ်တယ် စသဖြင့်ပေါ့။ အခုကလည်း ကျန်းမာရေးဝန်ကြီးဌာနက နည်းလမ်းအသစ်တွေ ထုတ်ထားပါတယ်။ ဒီညွှန်ကြားချက်အတိုင်းပဲ ဆက်ပြီးတော့ ဆောင်ရွက်ရမှာပဲ။ ရောဂါပိုးကူးစက်တဲ့ကာလက ကြာရှည်လာပြီဖြစ်တဲ့အပြင် ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာကိုလည်း မသိရဘူး။ ကျန်းမာရေးဌာနက ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ လမ်းညွှန်ချက်တွေရှိလာတဲ့အခါကျတော့ နိုင်ငံသူနိုင်ငံသားတွေ စီးပွားရေးအဆင်ပြေအောင် အခက်အခဲတွေကြားထဲကနေ ရုန်းကန်ပြီးတော့ စဖွင့်ဖို့ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ အဲ့့ဒီမှာမှ ရောဂါကူးစက်တာတွေ များလာရင်တော့ များလာသလို ဒီဘက်ကနေ တင်းတင်းကြပ်ကြပ်ဆောင်ရွက်တာတွေ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ယုဇနပလာဇာ ဖွင့်လှစ်ပြီး ရောဂါပိုး ထိန်းနိုင်သည့်အနေအထားရပါက မင်္ဂလာစျေးရှိ စျေးငါးစျေးကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဖွင့်လှစ်နိုင်ရန်အတွက်လည်း ပြင်ဆင်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
“ကျွန်တော်တို့အခု လောလောဆယ်ကတော့ ယုဇနပလာဇာဖွင့်နိုင်ရေးအတွက်ကို လိုအပ်တာတွေကို ပ့ံပိုးပေးနေပါတယ်။ ပလာဇာဖွင့်ပြီးတော့ရက်ပိုင်း ကျွန်တော်တို့ စောင့်ကြည့်မယ်။ စောင့်ကြည့်ပြီးလို့ ထိန်းနိုင်တဲ့အချိန်မှာ ရှိတယ်ဆိုရင်တော့ မင်္ဂလာစျေးကိုလည်း ကျွန်တော်တို့ဖွင့်ပါမယ်။ လောလောဆယ်က မင်္ဂလာစျေးကို ဒီရက်ပိုင်းတွေမှာ ဖွင့်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်ချက်တွေ၊ စည်းကမ်းသတ်မှတ်ချက်တွေ၊ လိုက်နာရမယ့် အချက်တွေကို သက်ဆိုင်ရာက စျေးများဌာနက တာဝန်ရှိသူတွေ၊ စျေးသာယာရေး အဖွဲ့အစည်း အကျိုးတော်ဆောင်တွေ ခေါ်ပြီးတော့ အသေးစိတ် စနစ်တကျ ဆောင်ရွက်တာတွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ နောက်မင်္ဂလာစျေးကလူက တခြားနဲ့ မတူဘဲနဲ့ စျေးကြီးငါးစျေးရှိပြီးတော့ လူအရမ်းများတဲ့အတွက်ကြောင့် လူဦးရေလည်း လျှော့ချနိုင်ဖို့လည်း လုပ်ရလိမ့်မယ်။ ကျွန်တော်နဲ့ စျေးမှာတာဝန်ရှိတဲ့ သူတွေ၊ စျေးများဌာနအဖွဲ့တွေ တကယ်လိုက်နာဆောင်ရွက်ရမယ့် စျေးသူစျေးသားတွေ စျေးသာယာရေးအဖွဲ့တွေခေါ်ပြီးတော့ ကျွန်တော်တို့ကြားမှာ အသေးစိတ်အစီအစဉ်လေးတွေချပြီးတော့ ဖွင့်ဖို့စီစဉ်ရမယ်” ဟု ဦးလှဌေးက ဆိုသည်။
ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်စေချင်ကြောင်းနှင့် ပေါ့လျော့မှုတွေကြောင့် ရောဂါကူးစက်မှု ပြင်းထန်လာလျှင် စျေးများပြန်လည်ပိတ်ရမည် ဆိုပါက ပြန်လည်ဖွင့်လှစ်နိုင်ရန် ပိုမိုခက်ခဲမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက သုံးသပ်ပြောကြားသည်။
“စျေးကိုဖွင့်ဖို့ ကြိုးစားတဲ့အကြောင်းအရင်းကတော့ စျေးမှာရှိတဲ့လုပ်ငန်းရှင်တွေ နောက်ပြီးတော့ လုပ်ငန်းရှင်တွေဆီမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေ ၊ သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေ ဒီထပ်ပိုပြီး မဆုံးရှုံးရအောင် ရောဂါတွေကြားထဲကနေ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီအပေါ်မှာ စျေးသူစျေးသားတွေ၊ စျေးဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကလည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက် ပေးဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ပေးဖို့ဆိုတာကလည်း ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ ကျန်းမာရေးညွှန်ကြားချက်တွေကို သူတို့ တိတိကျကျ လိုက်နာပေးဖို့လိုပါတယ်။ အဲ့ဒီလို တိတိကျကျလိုက်နာပေးမှသာ ဒီစျေးတွေကို ကျွန်တော်တို ့အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ရေရှည်ဆက်ပြီးတော့ ဖွင့်သွားနိုင်မယ့် အခြေအနေကိုရမှာပါ။ အဲ့ဒီလို မဟုတ်ဘဲ မလိုက်နာဘူးဆိုရင် ပေ့ါလျော့မှုတွေကြောင့် ရောဂါကူးစက်မှုတွေ ပြန်ပြီးဖြစ်လာမယ် ပြင်းထန်လာမယ်ဆိုရင်တော့ ဒီစျေးတွေပြန်ပိတ်ရရင် ပြန်ဖွင့်ဖို့ ဒီတစ်ခေါက်ကတော့ တော်တော်လေးခက်ခက်ခဲခဲဖြစ်မှာပါ။ အခုလည်း ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားပြီးတော့ ဖွင့်သွားမှာပါ” ဟု ၎င်းကသုံးသပ်ပြောကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စျေးဝယ်စင်တာများကို ယာယီပိတ်သိမ်းရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်မှ စတင်ညွှန်ကြားကာ မေလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်းကြောင့် စက်တင်ဘာလတွင် ပြန်လည်ပိတ်ခဲ့ခြင်းဖြစ်သည်။















