COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ပို့ကုန်သွင်းကုန်အတွက် အခက်အခဲများရှိလာကာ ပဲခူးစက်မှုဇုန်ရှိ စက်ရုံနှစ်ရုံ ပိတ်သိမ်းရန် စာတင်ထားပြီး ရောဂါကူးစက်မှုမှာ လက်ရှိအခြေအနေတိုင်း ကူးစက်မှု ဆက်လက်မြင့်မားနေပါက အခြားစက်ရုံများလည်း ဆက်လက်လည်ပတ်ရန် မသေချာကြောင်း စက်မှုဇုန်ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။
ပဲခူးစက်မှုဇုန်တွင် စက်ရုံပေါင်း ၉၀ ကျော်လည်ပတ်နေပြီး အများစုမှာ ဥရောပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက် လုပ်ကိုင်နေသော CMP အမျိုးအစား လက်ခစားစက်ရုံများဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်သည် ဥရောပနိုင်ငံများတွင် COVID-19 ရောဂါကူးစက်မှု အလွန်မြင့်မားနေ၍ သွင်းကုန်ထုတ်ကုန်များနှင့် ပတ်သက်ပြီး ကန့်သတ်ရပ်ဆိုင်းမှုများ ပြုလုပ်လာခြင်းကြောင့် ဥရောပနိုင်ငံများမှ ကုန်ကြမ်းယူပြီး ကုန်ချောပြန်ပို့ရသော ပဲခူးစက်မှုဇုန်ရှိ စက်ရုံများတွင်လည်း သွင်းကုန်ထုတ်ကုန်များ ပြုလုပ်ရန် အခက်အခဲများ ရှိလာသည်။
COVID-19 ရောဂါ ကူးစက်မှုမှာ ယခုကဲ့သို့ ဆက်လက်မြင့်တက်နေပါက ပဲခူးမြို့ရှိ CMP စက်ရုံများ ဆက်လက်လည်ပတ်နိုင်ရန် သေချာမှုမရှိတော့ဘဲ လက်ရှိအချိန်တွင် စက်ရုံနှစ်ရုံ ပိတ်သိမ်းရန် ပဲခူးမြို့ စက်မှုဇုန်ကော်မတီသို့ စာတင်ထားပြီဖြစ်ကြောင်း သိရသည်။
“COVID-19 ရောဂါက လက်ရှိအခြေအနေတိုင်း ဆက်ဖြစ်နေရင် စက်ရုံတွေလည်ပတ်ဖို့ မလွယ်တော့ဘူး။ အခုကျွန်တော်တို့ ပဲခူးစက်မှုဇုန်က ယောင်ချမ်းပရိဘောဂ စက်ရုံက ပိတ်လိုက်ပြီ။ နောက်ထပ် အင်းလေးရှူးဖိနပ် စက်ရုံကလည်း လူအင်အားလျှော့ပြီး ပိတ်ဖို့စာတင်ထားပါတယ်။ မနေ့က ကျွန်တော်တို့ဆီ စာဝင်လာပါပြီ။ ကျွန်တော်တို့ဆီက ဥရောပကို ပို့ရတဲ့ဟာတွေ အကုန်လုံးကို ပိတ်လိုက်ပြီဆိုတဲ့စာ။ ဒီတော့ ဒီကစက်ရုံတွေက လက်ခစားစက်ရုံတွေ ကုန်ကြမ်းယူပြီး ကုန်ချောပြန်ပို့ရတာ။ အခုပိတ်လိုက်တော့ ကုန်ကြမ်းသွင်းဖို့နဲ့ ပြန်ပို့ဖို့ အခက်အခဲရှိလာရင် အခြားစက်ရုံတွေလည်း ဆက်လက်လည်ပတ်ဖို့ မသေချာတော့ဘူး” ဟု စက်မှုဇုန်ကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောကြားသည်။
COVID-19 ရောဂါကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများပါ နှစ်ဦးနှစ်ဖက် နစ်နာရခြင်းဖြစ်ပြီး ပဲခူးစက်မှုဇုန်တွင် အလုပ်သမားများကို COVID-19 ရောဂါကူးစက်မှုမှာလည်း တစ်နေ့တခြား များပြားလာကြောင်း သိရကာ အလုပ်သမားများမှာ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်သော်လည်း စားဝတ်နေရေး အခက်အခဲများကြောင့် ပုံမှန်အလုပ်ဆင်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။
“အခုက စက်ရုံတွေမှာလည်း တစ်နေ့တခြား ကူးစက်မှုများလာတယ်။ လည်နေတာက စက်ရုံ ၇၀ ကျော်မှာ ၃၂ ရုံက ဝန်ထမ်း ၄၀ ကျော် ကူးစက်ခံထားရတယ်။ လက်ရှိ Quarantine Centre မှာ ၁၉၀ ရှိတယ်။ COVID က အားလုံးကို ထိခိုက်စေတာပါ။ အလုပ်ရှင်ရော အလုပ်သမားတွေပါ ထိခိုက်တာပါ” ဟု ဦးဟိန်းထက်က ဆက်လက် ပြောကြားသည်။
ပဲခူးစက်မှုဇုန်တွင် စက်ရုံပေါင်း ၉၀ ကျော်ရှိ၍ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက် A အဆင့်ရရှိသော စက်ရုံပေါင်း ၇၀ ကျော် လည်ပတ်နေပြီး အလုပ်သမား တစ်သိန်းကျော် မှီခိုလုပ်ကိုင်နေကြောင်း သိရကာ စက်ရုံများ ရပ်နားလိုက်ပါက စက်ရုံအလုပ်သမားများကို မှီခိုနေထိုင်သော မိသားစုများအပြင် စက်ရုံဝန်ထမ်းများကို အမှီပြု၍ စီးပွားရှာကြသော အခြေခံလူတန်းစား မိသားစုများ၏ စားဝတ်နေရေးများ အတွက်လည်း အခက်အခဲများ ဖြစ်လာနိုင်ကြောင်း သိရသည်။















