ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၅)အပြီးမှာတော့ နောက်တစ်ဆင့်တက်ရောက်နိုင်တဲ့အသင်း (၁၈)သင်းအထိ အဖြေထွက်ခဲ့ပါပြီ။ ပရီးမီးယားလိဂ်(၃)သင်းထဲမှာ အာဆင်နယ်တစ်သင်းပဲ အနိုင်ရပြီး စပါးက သရေ၊ လက်စတာက ရှုံးပွဲတွေ့ခဲ့ပါတယ်။ ရှုံးထွက်(၃၂)သင်းအဆင့်အတွက် မဲခွဲပွဲကိုတော့ ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ ပြုလုပ်သွားမှာပါ . . .
လိုအပ်တဲ့ တစ်မှတ်
LASK ၃-၃ စပါး
စပါးအသင်းက သြစတြီးယားမြေမှာ လိုအပ်တဲ့တစ်မှတ်ကို ရယူပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ နောက်ဆုံးအခွင့်အရေးအတွက် အားကုန်ထုတ်ခဲ့တဲ့ အိမ်ရှင်အသင်းရဲ့ ကစားပုံကြောင့် စပါးအတွက် ခက်ခဲတဲ့ပွဲတော့ ဖြစ်ခဲ့ပါတယ်။ မော်ရင်ဟိုက ဆွန်ဟောင်မင်ကို အထောင်ထားပြီး ဂါရတ်ဘေးလ်၊ လူးကပ်စ်မော်ရာ၊ အန်ဒွန်ဘီလီတို့နဲ့ တောင့်တင်းတဲ့လူ စာရင်းကို ထုတ်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်အသင်းရဲ့ ကွင်းလယ်ကစားပုံက ပိုကောင်းခဲ့ ပြီး စပါးအသင်းကို ဖိအားပေးသွားနိုင်ခဲ့ပါတယ်။ ပွဲအစ(၅)မိနစ်ဝန်းကျင်ကတည်းက LASK အသင်း ဂိုးရဖို့ နီးစပ်ခဲ့ပြီး တိုက်စစ်မှူး အက်ဂက်စတိန်းရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့တာပါ။ စပါးဂိုးသမား ဂျိုးဟတ်ရဲ့ လက်စွမ်းကလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ အိမ်ရှင်အတွက် မစ်ဟော၊ အက်ဂက်စတိန်းနဲ့ ကာရာမိုကိုတို့က (၄၂၊ ၈၄၊ ၉၀+၃)မိနစ်တွေမှာ သွင်းယူခဲ့ပြီး စပါးအတွက် ဘေးလ်၊ ဆွန်ဟောင်မင်နဲ့ အယ်လီတို့က (၄၅+၂၊ ၅၆၊ ၈၆)မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။ ဘေးလ်နဲ့ အယ်လီတို့က ပယ်နယ်တီဂိုးတွေပါ။

နှစ်ဂိုးအရှုံးမှ
အေစီမီလန် ၄-၂ ဆဲလ်တစ်
အေစီမီလန်အသင်းက နှစ်ဂိုးအရှုံးကနေ (၄)ဂိုးပြန်သွင်းပြီး နိုင်ပွဲရယူခဲ့တာပါ။ ဆဲလ်တစ်အသင်းက ဘာမျှော်လင့်ချက်မှ မရှိတော့ပေမဲ့ စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ပွဲစတာနဲ့ တိုက်စစ်ဖွင့်ကစားခဲ့တဲ့ ဆဲလ်တစ်အသင်းကို အေစီမီလန်အသင်း ထိန်းချုပ်ရခက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲအစ(၁၄)မိနစ်အတွင်းမှာပဲ ဦးဆောင်ဂိုးနှစ်ဂိုး ပေးလိုက်ရတာဖြစ်ပြီး ရိုဂစ်က (၇)မိနစ်၊ အက်ဒွပ်က (၁၄)မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒါပေမဲ့ အချိန်တိုအတွင်းမှာပဲ အေစီမီလန်အသင်းက ပွဲကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ (၂၄)မိနစ်မှာ ချာဟာနိုဂလူးက ဖရီးကစ်ကန်ချက်နဲ့ ပထမချေပဂိုး သွင်းယူနိုင်ခဲ့သလို၊ (၂၆)မိနစ်မှာ ကက်စတယ်လေဟိုက ဒုတိယချေပဂိုးကို ဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့်လည်း အေစီမီလန်အသင်း အသာစီး ပြန်ယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ နောက်ပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်ကစားသွားခဲ့ပြီး ရရှိတဲ့အခွင့်အရေးချင်းလည်း ညီတူညီမျှလောက်ရှိခဲ့ပေမဲ့ ဆဲလ်တစ်က အသုံးမချနိုင်ခဲ့ပါဘူး။ အေစီအတွက် နောက်နှစ်ဂိုးကို ဟော့ဂ်နဲ့ ဒီယက်ဇ်တို့က (၅၀၊ ၈၂)မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။

အုပ်စုပထမ
ဆီဗက်စပေါ် ဝ-၁ ဗီလာရီးယဲလ်
ဗီလာရီးယဲလ်အသင်းက အမာခံကစားသမားအများစုကို အနားပေးခဲ့ပေမဲ့ နိုင်ပွဲကို အမှားအယွင်းမရှိ ရယူနိုင်ခဲ့ပါတယ်။ ဆီဗက်စပေါ်ကလည်း နောက်တစ်ဆင့်တက်ဖို့ မျှော် လင့်ချက်ရှိနေတာကြောင့် အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကစားကွက်မှာ ဗီလာရီးယဲလ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဗီလာရီးယဲလ်အသင်းက ကွင်းလယ်ကို စိုးမိုး ကစားသွားခဲ့ပြီး တိုက်စစ်ပိုင်းကတော့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကို အားပြုကစားခဲ့တဲ့ အိမ်ရှင်အသင်းကို စိတ်ကြိုက်ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ တစ်ကြိမ် တည်းသော ဂိုးပေါက်တည့်အခွင့်အရေးကနေ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒီဂိုးကိုတော့ (၇၅)မိနစ်မှာ ချူကူဇီက သွင်းယူခဲ့တာပါ။
အခြားပွဲစဉ် ရလဒ်များ
AEK အေသင် ၂-၄ စပို့တင်းဘရာဂါ
ဇော်ယာ ၁-၀ လက်စတာ
လိုင်လီ ၂-၁ စပါတာပရပ်ဂ်
ကာရာဘတ် ၁-၁ မက္ကာဘီတဲလ်အဗစ်
အန့်ဝပ် ၃-၁ လူဒိုဂိုရတ်စ်
CSKA မော်စကို ဝ-၁ ဝုလ်ဖ်ဘာဂါ
ဖီယင်နု ဝ-၂ ဒိုင်နမိုဇာဂရက်
ဇဗက်ဒါ ဝ-၀ ဟော်ဖန်ဟင်မ်
KAA ဂျန့် ၁-၂ ဆလိုဗန်လီဘရက်
ရိုးမား ၃-၁ ယန်းဘွိုင်းစ်
ကလုချ် ဝ-၀ CSKA ဆိုဖီယာ
အာဆင်နယ် ၄-၁ ရက်ပစ်ဝီအန်
မိုလ်ဒီ ၃-၁ ဒန်ဒေါ့ခ်
ဆလားဗီးယားပရပ်ဂ် ၃-၀ ဟာပိုးဘီအာရှီဗာ
နိုက်စ် ၂-၃ လေဗာကူဆင်
ဘင်ဖီကာ ၄-၀ လက်ချ်ပေါ့နန်
ရိန်းဂျားစ် ၃-၂ စတန်းဒတ်လိဂ်
အိုမိုနီးယားနီကိုးရှား ၂-၁ PAOK
ဂရန်နာဒါ ဝ-၁ PSV
အယ်လ်ခမာ ၁-၁ နာပိုလီ
ဆိုစီဒက် ၂-၂ ရီယဲလ်ကာ















