ဘောလုံးနှင့် ဖူဆယ်ကစားသမား ၅၀ ကျော် ကိုဗစ်ကုသရေးစင်တာများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဆောင်ရွက်နေပြီး သီဟစည်သူ၊ မောင်မောင်လွင်၊ ခင်ဇော်လင်း၊ ဘုန်းသစ္စာမင်း၊ ရဲရင့်အောင်-၁ စသည့် လက်ရွေးစင်အဆင့်ကစားသမားများ ပါဝင်

ဘောလုံးနှင့် ဖူဆယ်ကစားသမား ၅၀ ကျော် ကိုဗစ်ကုသရေးစင်တာများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဆောင်ရွက်နေပြီး သီဟစည်သူ၊ မောင်မောင်လွင်၊ ခင်ဇော်လင်း၊ ဘုန်းသစ္စာမင်း၊ ရဲရင့်အောင်-၁ စသည့် လက်ရွေးစင်အဆင့်ကစားသမားများ ပါဝင်
Photos : MFF
Photos : MFF
Published 3 December 2020

ကိုရိုနာဗိုင်းရပ်စ်ကာလတွင် မြန်မာဘောလုံးနှင့် ဖူဆယ်ကစားသမား ၅၀ ကျော်သည် ကိုဗစ်ကုသရေးစင်တာများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်ခံထားရသူများ သိသိသာသာမြင့်တက်လာသဖြင့် ကုသရေးစင်တာများတွင် စေတနာ့ဝန်ထမ်းလိုအပ်ချက် မြင့်မားလာပြီး ပြိုင်ပွဲရပ်နားထားသည့်ကာလဖြစ်သောကြောင့် ဘောလုံးနှင့် ဖူဆယ်ကစားသမားများမှာ စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ကူညီပေးခြင်းဖြစ်သည်။

ဘောလုံးနှင့် ဖူဆယ်ကစားသမားအများစုမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသော ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်ပေးထားသည့် ကိုဗစ်ကုသရေး ဧရာဝတီစင်တာ (ရန်ကုန်) နှင့် (မန္တလေး) တို့တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းဂိုးသမား သီဟစည်သူမှာမူ ကိုဗစ်ကုသရေး အင်းယားစင်တာတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဆောင်ရွက်နေသူများတွင် လက်ရွေးစင်အဆင့်ကစားသမားများဖြစ်သည့် သီဟစည်သူ၊ မောင်မောင်လွင်၊ ဘုန်းသစ္စာမင်း၊ ရဲရင့်အောင် (၁)၊ ဖူဆယ်လက်ရွေးစင်များဖြစ်သော ခင်ဇော်လင်း၊ နိုင်ရဲကျော်၊ ကျော်စိုးမိုး၊ ဟိန်းမင်းစိုး တို့လည်း ပါဝင်နေသည်။

ဖူဆယ်ကစားသမားများတွင် ကလပ်အသင်းအများစုမှ ကစားသမားနှင့် တာဝန်ရှိသူ ၂၀ ကျော် ပါဝင်ပြီး ဧရာဝတီစင်တာ (မန္တလေး)တွင်မူ မန္တလေး အခြေစိုက် ဖူဆယ်ကလပ်အသင်းများမှ ကစားသမားများ ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲမှာ ၂၀၂၀ ရာသီအပြီးတွင် ရပ်နားထားသောကြောင့် ဘောလုံးသမားအချို့မှာ ကုသရေးစင်တာများတွင် ပါဝင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူကို မတ်နောက်ဆုံးပတ်တွင် စတင်တွေ့ရှိခဲ့ပြီး သြဂုတ်နောက်ဆုံးပတ်မှစတင်ကာ ရောဂါပိုးကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာကာ ဒီဇင်ဘာလဆန်းပိုင်းအထိ ရောဂါပိုးကူးစက်ခံထားရသူ ၉၀၀၀၀ ကျော် ရှိသွားပြီဖြစ်သည်။

COVID-19 ရောဂါကြောင့် အားကစားပြိုင်ပွဲအားလုံးနီးပါး ရပ်နားထားရပြီး လက်ရွေးစင်အသင်းများမှာလည်း စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကပ်ရောဂါကာလအတွင်း အခြားအားကစားနည်းများမှ ကစားသမားအချို့မှာလည်း ကုသရေးစင်တာများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ထပ်ဆောင်ရွက်လိုသည့် ကစားသမားများလည်းရှိကြောင်း သိရသည်။

ကိုဗစ်ကုသရေး ဧရာဝတီစင်တာနှင့် အင်းယားစင်တာတို့ကို လိုအပ်ချက်အရ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းစင်တာသုံးခုတွင် ရောဂါပိုးကူးစက်ခံရသူ ၂၀၀၀ ဝန်းကျင်အထိ ကုသမှုခံယူနိုင်မည်ဖြစ်သည်။

ဧရာဝတီ စင်တာ (ရန်ကုန်) ကို သုဝဏ္ဏဘောလုံးကွင်းနှင့် အမျိုးသားဘောလုံးအကယ်ဒမီတို့တွင် ယာယီအဆောင်များ တည်ဆောက်ကာ ကုသပေးနေပြီး လက်ရွေးစင်ကစားသမားများ နားနေဆောင်ကိုလည်း အသုံးပြုလျက်ရှိသည်။

ဧရာဝတီစင်တာ (မန္တလေး) ကို မန္တလာသီရိဘောလုံးကွင်းအတွင်း၌ တည်ဆောက်ထားသည်။

 

Most Read

Most Recent