■ အိမ်ကွင်းရှုံးပွဲကြောင့် ဖိအားပိုများသွားရတဲ့ မန်ချက်စတာယူနိုက်တက်

■ အိမ်ကွင်းရှုံးပွဲကြောင့် ဖိအားပိုများသွားရတဲ့ မန်ချက်စတာယူနိုက်တက်
Published 3 December 2020

မန်ချက်စတာယူနိုက်တက် ၁-၃ PSG

ကစားသွားတဲ့ ခြေစွမ်း၊ ဂိုးသွင်းခွင့်ဖန်တီးနိုင်မှုစတာတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ အိမ်ရှင် မန်ယူအသင်းအတွက် မရှုံးသင့်တဲ့ပွဲတစ်ပွဲလို့ ဆိုရမှာပါ။ အခုပွဲမှာ မန်ယူနည်းပြ ဆိုးလ်ရှား ပွဲထုတ်ခဲ့တဲ့  Line-up ကတော့ လက်ရှိအခြေအနေမှာ အ သင်းအတွက် အကောင်းဆုံးလူစာရင်းပါ။ Confident ပျောက်နေတဲ့ ပေါ့ဘာနဲ့ PSG ရဲ့လျင်မြန်တဲ့  တိုက်စစ်ကိုထိန်းဖို့အတွက် မာတစ်လို အသက်အရွယ်အရ အကျပိုင်းရောက်နေသူကို မသုံးတာကလည်း ဆိုးလ်ရှားရဲ့ပွဲချဉ်းကပ်မှုက လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားအဖို့ နည်းပြဘဝမှာ အဓိကအားနည်းချက်ဖြစ်တဲ့ အပြောင်းအလဲလုပ်ဖို့လိုချိန်မှာ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် မချမှတ်နိုင်တာကို အခုပွဲမှာ ထပ်တွေ့ခဲ့ရတယ်။ ပထမပိုင်းမှာကတည်းက ပါရေဒက်စ်ကို ခေါင်းနဲ့တိုက်မှုကြောင့် ကံကောင်းလို့ တစ်ဝါသာထိခဲ့တဲ့ ဖရက်ဒ်ကို ပထမပိုင်းအပြီးမှာ လူစားထိုးမှုမပြုလုပ်ဘဲ ဆက်ကစားခိုင်းတာက အံ့အားသင့်စရာကောင်းပါတယ်။

ချန်ပီယံလိဂ်မှာ လူစားလဲမှု(၅)ဦးအထိပေးထားတဲ့အခွင့်အရေးကို ဆိုးလ်ရှား ကောင်းကောင်း အသုံးမချခဲ့ဘူး။ (၁၀)ယောက်(၁၁)ယောက်ဖြစ်သွားတဲ့အချိန် Tactical Switch တွေကလည်း  ဘာမှထိရောက်မှု မရှိခဲ့ဘူး။ (၆)မိနစ်မှာကတည်းက နေမာရဲ့သွင်းဂိုးနဲ့ PSG အသင်းက ဦးဆောင်နိုင်ခဲ့တယ်။ ပွဲအစပိုင်းလောက်သာ PSG အသင်း တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ မန်ယူအသင်း အပြန်အလှန်ကစားနိုင်ခဲ့တယ်။ PSG အသင်း အနိုင်ရခဲ့ပေမဲ့ ဘာပေ၊ နေမာတို့ရဲ့ တောင်ပံတိုက်စစ်တွေက အခုပွဲမှာ သိပ်မထိရောက်ခဲ့ဘူး။ မန်ယူအသင်းရဲ့ချေပဂိုးက (၃၂)မိ နစ်မှာ ရပ်ရှ်ဖို့ဒ် အမှတ်မထင်ကန်သွင်းမှုက ဒန်နီလိုပယ်ရဲရားနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာပါ။ ဂိုးရပြီးနောက်ပိုင်းမှာတော့ မန်ယူ အသင်းကစားပုံက ယုံကြည်မှုရှိလာခဲ့တယ်။

ဒုတိယပိုင်းအစမှာ ရရှိတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲခဲ့ဘဲ မာစီယဲလ်က အပိုင်ပိတ်သွင်းမှု ဂိုးဘားကျော်သွားတဲ့တစ်ကြိမ်အပြင် ကာဗာနီကန်သွင်းမှု ဘားတန်းထိထွက်လာရာကနေ မာစီယဲလ်ပဲ ထပ်မံကန်ခွင့်ရပေမဲ့ နောက်တန်းနဲ့ ထိထွက်ခဲ့ပါတယ်။  PSG ရဲ့ဒုတိယဂိုးကတော့ (၆၉)မိနစ်မှာ ရခဲ့တာဖြစ်ပြီး ဟာရဲရားကန်သွင်းမှုက ဂိုးပေါက်မတည့်ပေမဲ့ ဒီယဲလ်လိုနဲ့ထိကာ ရှေ့ကျလာတဲ့ဘောလုံးကို မာကင်ဟို့စ်က ပိတ်သွင်းယူခဲ့တာဖြစ်တယ်။ ဘာပေ အပိုင်ကန်သွင်းခွင့်တစ်ကြိမ် လွဲချော်ခဲ့ရပေမဲ့ (၉၁)မိနစ်မှာ နေမာကပဲ တတိယဂိုး ထပ်သွင်းယူခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ သရေတစ်မှတ်ပဲလိုတာဖြစ်ပေမဲ့ နောက်ဆုံးပွဲမှာ လိုက်ပ်ဇစ်နဲ့ ဂျာမန်မြေမှာကစားရမှာဖြစ်လို့ ပိုမိုုရုန်းကန်ရဖို့ရှိနေပါတယ်။ PSGကတော့ မန်ယူနဲ့ လိုက်ပ်ဇစ်တို့ကို Head to Head အသာရထားလို့ ဘာရှက်ဆီဟီကို အနိုင်ရတာနဲ့  လိုက်ပ်ဇစ်-မန်ယူပွဲရလဒ် စောင့်ကြည့်စရာမလိုဘဲ ပထမနေရာ ရယူနိုင်ပါလိမ့်မယ်။

Most Read

Most Recent