အာဆီယံ-ဂျပန် ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း ၂၇ ခုရှိပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားများကို အပျော်စီးရေယာဉ်များဖြင့် ပို့ဆောင်မှု၊ အာဆီယံဒေသတွင်း ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၁၈ ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးမှ သတင်းရရှိသည်။
နေပြည်တော်၌ နိုဝင်ဘာ ၂၅ ရက်တွင် ၁၈ ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ၁၁ ကြိမ်မြောက် အာဆီယံ-ကိုရီးယားပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
၁၈ ကြိမ်မြောက်အဖြစ် ကျင်းပသည့် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၌ အာဆီယံ-ဂျပန် ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံကိန်း ၂၇ ခုရှိပြီး ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော်ရန်ရှိသည့် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် ကမ္တာလှည့်ခရီးသည်များကို အပျော်စီးရေယာဉ်များဖြင့် ပို့ဆောင်မှုများ ဖွံ့ဖြိုးလာစေရေး၊ အာဆီယံဒေသတွင်း ရေလမ်းကြောင်း တိုးတက်ကောင်းမွန်စေရေးနှင့် ဒေသတွင်း ရေယာဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းလမ်းညွှန်များ ချမှတ်နိုင်စေရေးစသည့် လုပ်ငန်းများအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြောင်း သိရသည်
COVID-19 ရောဂါ တုံ့ပြန်ရေးနှင့် ကပ်ရောဂါအလွန် ကာလများအတွက် ပို့ဆောင်ရေးကဏ္ဍမှ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအပါအဝင် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံဖြင့် ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်မှုများ ဆွေးနွေးရန် ၂၆ ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
၂၆ ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ Video Conferencing စနစ်ဖြင့်ကျင်းပရာ အစည်းအဝေး ပထမနေ့ဖြစ်သည့် နိုဝင်ဘာ ၂၄ ရက် တွင် ၂၆ ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများနှင့် US-ASEAN Business Council (US-ABC) အစည်းအဝေးများ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေး၌ ပထမဦးစွာ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ ဦးဆောင်၍ ၂၆ ကြိမ်မြောက်အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အာဆီယံကွာလာလမ်ပူ ပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၅) တွင် ပါဝင်သော လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းနှင့် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ဆိုင်ရာ လုပ်ငန်းစဉ်များ၏ နိုင်ငံအလိုက်နှင့် ဒေသတွင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အာဆီယံ၏ တစ်ခုတည်းသော လေကြောင်းစျေးကွက်ဖော်ဆောင်မှု၊ စင်ကာပူ- ကူမင်း ရထားလမ်းစီမံကိန်းနှင့် အာဆီယံ အဝေးပြေးလမ်းကွန်ရက်လုပ်ငန်းစဉ်များ၊ အာဆီယံ ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်မှုများ၊ အာဆီယံနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့ဖြင့် ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုများအပေါ် အကောင်အထည်ဖော်နိုင်မှုများ၊ လက်ရှိ COVID-19 ရောဂါ တုံ့ပြန်ရေးနှင့် ကပ်ရောဂါအလွန် ကာလများအတွက် ပို့ ဆောင်ရေးကဏ္ဍမှ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။










