၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြား ကုမ္ပဏီ/လုပ်ငန်းရှင်များစာရင်း ထုတ်ပြန်ခဲ့ပြီး ဝင်ငွေခွန်တွင် Moattama Gas Transpotation Co.,Ltd က ကျပ်သန်း ၁၀၀၀၀၀ အထက် (ကျပ်ဘီလျံ ၁၀၀ ကျော်)၊ ကုန်သွယ်လုပ်ငန်းခွန်တွင် Telenor Myanmar Ltd က ကျပ်သန်း ၄၀၀၀၀ အထက် (ကျပ်ဘီလျံ ၄၀ ကျော်) ဖြင့် အများဆုံး ပေးဆောင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သော အခွန်ထမ်းဆောင်မှုပမာဏစာရင်းအရ သိ ရသည်။
ယခုစည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သူများစာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင် ပါဝင်သည့် နိုင်ငံခြား လုပ်ငန်းများမှာ ကျပ်သန်း ၁၀၀၀၀၀ အထက်တွင် Moattama Gas Transpotation Co.,Ltd၊ ကျပ်သန်း ၄၀၀၀၀ အထက်တွင် Myanmar Brewery Ltd၊ Taninthayi Pipeline Company LLC၊ Myanmar Yang Tse Copper Ltd၊ ကျပ်သန်း ၃၀၀၀၀ အထက်တွင် Telenor Myanmar Ltd၊ ကျပ်သန်း ၂၀၀၀၀ အထက်တွင် Unocal Myanmar Offshore Co.,Ltd၊ PTTEP International Ltd၊ POSCO International Corporation၊ ကျပ်သန်း ၂၀၀၀၀ အောက်တွင် Total E & P Myanmar Co.,Ltd၊ Grand Royal Group International Co.,Ltd တို့ဖြစ်ပြီး ထိပ်သီး ဝင်ငွေခွန် ထမ်းဆောင်သူများစာရင်း (၁၀ ဦး) တွင် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှစ်ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းသုံးခု၊ ဆက်သွယ်ရေး လုပ်ငန်းတစ်ခု၊ ကုန်ထုတ်လုပ်ငန်း နှစ်ခု၊ သတ္တုတူးဖော်ရေးလုပ်ငန်း တစ်ခုတို့ ပါဝင်သည်။
ထို့အတူ ယခုစည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သူများ စာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင်ပါဝင်သည့် နိုင်ငံခြားလုပ်ငန်းများမှာ ကျပ်သန်း ၄၀၀၀၀ အထက်တွင် Telenor Myanmar Co.,Ltd၊ ကျပ်သန်း ၃၀၀၀၀ အောက်တွင် Ooredoo Myanmar Ltd၊ Myanmar Brewery Ltd၊ ကျပ်သန်း ၂၀၀၀၀ အောက် တွင် Grand Royal Group International Co.,Ltd၊ Virginia Tobacco Co.,Ltd၊ Myanmar Fiber Optic Communication Network Co.,Ltd၊ Suzuki Thilawa Motor Co.,Ltd၊ Telecom International Myanmar Co.,Ltd၊ ကျပ်သန်းပေါင်း ၁၀၀၀ အောက်တွင် Lluvia Limited၊ Huawei Technologies (Yangon) Co.,Ltd တို့ဖြစ်ပြီး ထိပ်သီးကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်သူများစာရင်း (၁၀ ဦး) တွင် ဆက်သွယ်ရေး လုပ်ငန်းသုံးခု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းငါးခု၊ ဝန်ဆောင်မှုလုပ်ငန်း နှစ်ခုတို့ ပါဝင်သည်။
နိုင်ငံခြားလုပ်ငန်းများ ဝင်ငွေခွန် အများဆုံး ပေးဆောင်သူများ စာရင်းတွင် လုပ်ငန်းပေါင်း ၁၀၀ ခုပါဝင်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လက်ခစား အပ်ကုန်စနစ်လုပ်ငန်း၊ အသေးစား ငွေချေးလုပ်ငန်း စသည်တို့ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားလုပ်ငန်းများ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူများ စာရင်းတွင် လုပ်ငန်းပေါင်း ၁၀၀ ခုပါဝင်ပြီး ဆက်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း စသည်တို့ ပါဝင်သည်။
၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြား ကုမ္ပဏီ/လုပ်ငန်းရှင် အရေအတွက်နှင့် ထမ်းဆောင်သည့် အခွန်ပမာဏများ ကွာဟမှု နည်းပါးသော်လည်း လွန်ခဲ့သည့် သုံးနှစ်နှင့် လေးနှစ်မှ အခွန်ပမာဏများနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းခဲ့သည်။၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်က ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းသည် ကျပ်သန်း ၁၄၀၀၀၀ (ကျပ် ၁၄၀ ဘီလျံ) အထက် ပေးဆောင်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းသည် ကျပ်သန်း ၁၀၀၀၀၀ (ကျပ် ၁၀၀ ဘီလျံ) အထက် ပေးဆောင်ခဲ့ခြင်း ဖြစ်သည်။















