အိန္ဒိယ-မြန်မာနယ်စပ် ပုံမှန်ကုန်သွယ်ရေးကို အိန္ဒိယနိုင်ငံအတွင်းရှိ COVID-19 ရောဂါအခြေအနေကြောင့် ဖွင့်ခွင့်မပြုသေး ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ အကြောင်းကြားထားသော်လည်း ဒေသ၏ အခြေအနေ အရပ်ရပ်များကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်စေခြင်သည်ဟု သိရသည်။
“ပြီးခဲ့တဲ့သြဂုတ်လက လွှတ်တော်မပိတ် ခင်လေးမှာ မေးခဲ့တယ်။ မေးခဲ့တော့ ကျွန်တော့်ကိုဖြေတာက အောက်တိုဘာလထဲမှာ စာတိုက်က ပို့လာတယ်။ အိန္ဒိယနိုင်ငံကလည်း ရောဂါကူးစက်မှုမှာ ဒုတိယအများဆုံး ဖြစ်နေတဲ့အတွက် မဖွင့်သင့်သေးဘူးပေါ့။ ပြောချင်တာက ရောဂါထိန်းချုပ်နိုင်တဲ့အချိန်ကြမှ ဖွင့်သင့်တယ် ဆိုတာမျိုးကို ဖြေထားတယ်။ အဲဒီလိုဖြစ်တော့ အဖြေကတော့ ဒေသမှာ ဖြစ်နေတဲ့အနေအထားနဲ့ လွဲနေတာပေါ့။ နိုင် ငံတော်က ရောဂါကူးစက်မှာ စိုးရိမ်လို့ ပိတ်တာ မှန်တယ်။ ဒါပေမဲ့ ဒီမှာ အောက်ခြေမှာ ဘုရားပွဲတော်လို ဖြစ်နေတာ။ ကျွန်တော်တို့ လည်း အစည်းအဝေးတိုင်းမှာ ဒါကို အရေးယူ တင်းကြပ်ပေးဖို့ပေါ့။ စားဝတ်နေရေး အဆင်မပြေတာလည်း မှန်တာပေါ့။ သို့ပေမယ့် ရောဂါကူးစက်မှု ဖြစ်လာရင် ပိုဆိုးသွားမှာ တစ်ဖက်ကလည်း ရောဂါကူးစက်မှုဖြစ်လာရင် အတိုင်းအတာ တစ်ခုအထိ ထိန်းဖို့ပြောပေမယ့် အောက်ခြေမှာ ဒလဟော ဖြစ်နေတယ်။ ဒီလို ဖြစ်နေမှတော့ နိုင်ငံတော်ရည်ရွယ်ချက် မရောက်တော့ဘူး။ မြို့လူထုတွေက ကျွန်တော်က ဒီအဖြေကို တင်လိုက်တော့ ပြောစရာ ဖြစ်နေတာပေါ့။ ဒီလို ဖြစ်နေတဲ့ အတူတူဖွင့်ပေးဖို့ ပြောတာပေါ့” ဟု တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။
နိုင်ငံတော်မှ ရောဂါကူးစက်မှုကြောင့် ပိတ်ထားသော်လည်း တရားမဝင် မှော်ခိုလမ်းများမှ သွားလာမှုများရှိနေပြီး COVID-19 ကိုလည်း စနစ်တကျ ထိမ်းချုပ်ရန်အတွက် ခက်ခဲနေသောကြောင့် ရောဂါစနစ်တကျ ထိန်းချုပ်နိုင်ရန်နှင့် ကုန်သွယ်မှုလည်း ပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်နေကြသည်။
“ကျွန်တော်တို့ တင်တာကလည်း အကန့်အသတ်နဲ့ ကုန်သွယ်ခွင့်ကို ပြောတာပါ။ လူခြင်းထိတွေ့မှု အနည်းဆုံးဖြစ်အောင် လုပ်မှာပေါ့။ အကန့်အသတ်နဲ့ ကုန်သွယ်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ခွင့်ပြုမပေးဘူး။ ပိတ်မယ်ဆိုရင်လည်း ၁၀၀% ရအောင်ပိတ်ပေါ့။ ဘယ်သူမှ ရောင်းဝယ်ဖောက်ကားခွင့်မ ရဘူးဆိုရင် အားလုံး ကျေနပ်တယ်။ အခုဟာ က တရားဝင်ပိတ်ထားပေမယ့် အောက်ခြေမှာ တရားမဝင် လာဒ်ပေးလာဒ်ယူလုပ်ပြီး သွားတဲ့သူက သွားလို့ရတယ်။ နိုင်ငံတော်ညွှန်ကြားချက်ကို မှန်မှန်ကန်ကန် လိုက်နာတဲ့သူက သွားမရဘူး ဖြစ်နေတယ်။ စီးပွားရေးလုပ်မရဘူး ဖြစ်နေတယ်။ နိုင်ငံတော်က ရောဂါကူး စက်မှာစိုးလို့ ပိတ်ထားတယ်ဆိုရင် အောက်ခြေမှာ လုံးဝကို ပိတ်ထားရမှာ။ ခုဟာက အဲဒီလို မဟုတ်ဘူး။ ကျွန်တော်တို့ သဘောအရတော့ ဖွင့်သင့်တယ်လို့ ယူဆတယ်။ အကန့်အသတ်နဲ့ ဖွင့်ပေးစေချင်တယ်။ တမူးက ထူးခြား ထားတာက အိန္ဒိယနိုင်ငံကပိတ်လိုက်ရင် မြို့က လမ်းက ပိတ်သွားပြီ။ ရောင်းဝယ်ဖောက် ကားမှု အိန္ဒိယနိုင်ငံနဲ့ပဲ ဖြစ်နေတာလေ။ ကျွန် တော်တို့မှာ မိုးရေး ပိတ်လိုက်ရင် ဘာမှ အ ရောင်းအဝယ်လုပ်လို့ မရဘူး။ အခု ပိတ်တာကလည်း ရက်ရှည်ဖြစ်လာပြီ။ ဒီဒေသရဲ့ လူဦး ရေ ၆၀% က နယ်စပ်ကုန်သွယ်ရေးကို အမှီ သဟဲ ပြုထားရတယ်။ ကျန်းမာရေးဝန်ကြီး ဌာနတွေရဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ကို လိုက်နာဆောင်ရွက်ပြီး ဖွင့်စေချင်တယ်။ တရားမဝင် သွားလာမှု အပေါ်မှာ ကျွန်တော် တို့ က ဘာမှမလုပ်နိုင်ဘူး။ သူတို့ အချိန်မရွေး သွားမယ်။ ဘယ်လမ်းက သွားမယ်ဆိုတာ မသိဘူး။ ဒါကြောင့် သူတို့ကျန်းမာရေးစည်း မျဉ်းစည်းကမ်းတွေနဲ့ မစိစစ်နိုင်ဘူး။ တကယ်လို့သာ တရားဝင်ဂိတ်တွေက ဖွင့်ပေးမယ်ဆို ရင် ကျန်းမာရေးအရ စနစ်တကျ စိစစ်ပေးလို့ရတယ်။ စနစ်တကျလုပ်နိုင်တဲ့အပေါ်မှာ ကျွန်တော်တို့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပါလိမ့်မယ် အခုဟာက ပိတ်တယ်လို့သာ ပြောတာ အောက်ခြေမှာ ဒလဟော သွားနေတော့ တစ်ဖက်နိုင်ငံဖက် သွားလို့ ရောဂါရှိခဲ့ရင် ဘာမှ မတတ်နိုင်ဘူး။ ဖြစ်စဉ်တွေလည်း ရှိခဲ့ပြီး။ မြန်မာနိုင်ငံ ပြည်မထဲက ကူးတာတော့ မဟုတ်ဘူး။ နယ်စပ်က ဖြတ်ကျော်ပြီးသွားရင်း ကူးတာ များနေတယ်။ နယ်စပ်ကို ဖွင့်စေချင်ပါတယ်” ဟု ဦးနိုင်နိုင်ဝင်းက ပြောကြားခဲ့ သည်။
အိန္ဒိယ-မြန်မာနယ်စပ် ပုံမှန်ကုန်သွယ် ရေးကို ဖွင့်လှစ်ပေးရန်အတွက် သြဂုတ်လအတွင်းက စာဖြင့်တင်ပြခဲ့ပြီး ယခုအခါလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်၍ တင်ပြထား သည်ဟု သိရသည်။
“ငါတို့ ဆီကို အိန္ဒိယနိုင်ငံဘက်က ကုန်သည်အသင်းက ပုံမှန်ကုန်သွယ်ရေးကို ဖွင့်ဖို့အတွက် သြဂုတ်လ ကတည်းက အကြောင်းကြားလာတယ်။ ကိုဗစ်ကာကွယ်ရေးနည်း လမ်းတွေနဲ့အတူ ကုန်သွယ်မှု ဆောင်ရွက်ရအောင် အကြောင်းကြားစာကို ကုန်သွယ်ရေး ဝန်ကြီးကို တင်ပြလိုက်တယ်။ ဝန်ကြီးကနေ အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြလိုက်တော့ အကြောင်းပြန်တယ်။ ကုန်သွယ်ခွင့် မပြုသင့်သေးဘူးလို့ အကြောင်းပြန်တယ်။ အခုလည်း နောက်ထပ်တစ်ကြိမ် စီးပွားကူးသန်းဝန်ကြီးကို ပြီးခဲ့တဲ့ ကြာသပတေးက ဖုန်းနဲ့ ပြန်ဖွင့်ဖို့ တင်ပြလိုက်တော့ ဝန်ကြီးကလည်း အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြပြီး ဖွင့်ခွင့်ပြုရင် ဖွင့်ပေးမယ်လို့ ပြောပါတယ်” ဟု တမူးမြို့နယ် ကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားခဲ့သည်။
နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ထားသည့်အတွက် ကုန်ပစ္စည်းများ ပျက်စီးသွားမည်ကို စိုးရိမ်ရသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးလာခြင်း၊ အလုပ်အကိုင် မရှိတော့၍ စားဝတ်နေရေးများ ခက်ခဲခြင်းများလည်း ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည် ။
“တမူးမြို့က အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုကို မှီခိုနေရတဲ့မြို့။ အခက်အခဲက မိမိကုန် တွေ ကုန်သွယ်မှုမပြုဘဲ ရပ်လိုက်ရတော့ လယ်ယာထွက်ကုန်ပစ္စည်းတွေဆိုတော့ အဲဒီပစ္စည်းတွေ မပျက်စီးအောင် ပိုးသတ်ဆေး ထည့်ရတော့ ဒီပစ္စည်းတွေက စားသောက် ကုန်တွေဆိုတော့ ပိုးသတ်ဆေးများလာရင် တစ်ဖက်နိုင်ငံက ဒီပစ္စည်းတွေကို စစ်လား ဆေးလားလုပ်ပြီး လက်မခံဘူးဆိုရင် ကျွန်တော်တို့ ကုန်သည်တွေ နစ်နာမှာ။ နောက် တစ်ချက်က ကျနော်တို့ ကုန်သည်တွေက မူလကတည်းက အကြွေးပေးတဲ့စနစ်နဲ့ ရောင်းလာတော့ ကုန်သွယ်မှုတွေ ပိတ်လိုက်တော့ ပိုက်ဆံ ရဖို့ က အခက်အခဲ တွေ ဖြစ်လာတယ်။ ပိုက်ဆံမရဘူးဆိုရင် ရေရှည်မှာ လူမလာတော့ဘူးဆိုရင် အရင်းအနှီးတွေ ဆုံးရှုံးသွား နိုင်တယ်။ ဒေသခံလူတွေရဲ့ စားဝတ်နေရေးပေါ့။ အလုပ်သမားတွေရဲ့ အလုပ်အကိုင်အ ခွင့်အလမ်းတွေ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ် သက်နေတဲ့သူတွေနဲ့ အလုပ်အကိုင်အခွင့်အ လမ်းတွေ မရှိတော့၊ မှောင်ခိုလမ်းကြောင်း ကနေ ကုန်ပစ္စည်းတွေ ပို့တာတွေ ပေါ်လာတယ်။ တစ်ဖက်နိုင်ငံက လူတွေနဲ့ ထိတွေ့ ကူးစက်မှုတွေ ရှိလာတယ်။ အခု ခိုးသွားတဲ့ သူတွေကို အရေးယူတာတွေရှိပေမယ့် စား ဝတ်နေရေးဆိုတော့ သွားကြတာပဲ။ လမ်းတွေ ကလည်း အများကြီး ရှိပါတယ်။ ဒါတွေကို လည်း လျော့ပါးသွားအောင် စဉ်းစားပြီး၊ မြန် မာနိုင်ငံ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ညွှန်ကြားချက်တွေအတိုင်း ကုန်သွယ်မှု ပြုခွင့်ပေးပါလို့ တောင်းဆိုတာ။ ကိုဗစ်ရောဂါက ကာကွယ်ဆေးမရှိမခြင်း ဘာမှလုပ်လို့မရဘူး။ ကာကွယ်ဆေး ရှိလာရင်လည်း အဆင့်လိုက် ထိုးပေးမှာဆိုတော့ ကျွန်တော်တို့ဆီ ဘယ်အချိန် ရောက်လာမယ်ဆိုတာ မသိနိုင်ဘူး။ ကျွန်တော်တို့က ကိုဗစ်နဲ့အတူ ယှဉ်တွဲပြီး စီးပွားရေးလုပ်ငန်းတစ်ခု ဖော်ထုတ်ရမှာပါပဲ။ အလုပ်က လုပ်ရမှာပဲ မလုပ်ရင် ထမင်းစားစရာ မရှိဘူး။ အလုပ် မလုပ်ရရင် ဝင်ငွေမရှိတော့ ခိုးဆိုးလုယက်တာတွေ ဖြစ်လာရင် နိုင်ငံတော်အနေနဲ့ တရားဥပဒေ စိုးမိုးရေး ကဏ္ဍမှာလည်း ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာ ဖြစ်လာမယ်။ လက်ရှိလည်း တရုတ်နဲ့ မြန်မာ၊ ထိုင်းနဲ့ မြန်မာတို့လည်း ကုန်သွယ်မှုတွေ ရှိနေပါတယ်။ အဲဒီက ပုံစံအတိုင်း ကျွန်တော်တို့ နယ်စပ်ကိုလည်း ကုန်သွယ်မှု ပြန်လည်လုပ်နိုင်ဖို့အတွက် ပြန်ဖွင့်ပေးစေ ချင်ပါတယ်” ဟု ဦးလှမောင်က ဆက်လက်ပြောကြားသည်။










