အာရှ-ပစိဖိတ် ၁၅ နိုင်ငံပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို မြန်မာ ပါဝင်လက်မှတ်ရေးထိုး

အာရှ-ပစိဖိတ် ၁၅ နိုင်ငံပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို မြန်မာ ပါဝင်လက်မှတ်ရေးထိုး
Photo: Ministry of Foreign Affairs Myanmar
Photo: Ministry of Foreign Affairs Myanmar
Published 16 November 2020
နီလာ

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည့် RCEP တွင် မြန်မာက ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၊ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Mr.Nguyen Xuan Phuc  က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ ခေါင်းဆောင် များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးတွင် ခေါင်း ဆောင်များက ဒေသအနေဖြင့် COVID-19 ရောဂါကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန်နိုင် ရန်အတွက် ဒေသတွင်း ဘက်စုံစီးပွားရေးပူး ပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် အရေးကြီးကြောင်း၊ အားလုံးပါဝင်ပြီး တာရှည်ခံသည့် ကူးစက်ရောဂါအလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှတစ် ဆင့် ဒေသ၏ ကြံ့ကြ့ံခိုင်နိုင်စွမ်းကို တည် ဆောက်ရာတွင် သဘောတူစာချုပ်သည်  အရေးပါသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ မူဘောင်များတွင် အာဆီယံ၏အချက်အချာကျမှုကို တိုး မြှင့်ရာ၌ အထောက်အကူပြုပြီး အာဆီယံနှင့် ဒေသဆိုင်ရာ မိတ်ဖက်နိုင်ငံများအကြား ပူး ပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေ မည့် အဆိုပါသဘောတူစာချုပ်သည် အာဆီ ယံက ဦးဆောင်သည့် ရည်မှန်းချက်အကြီးမား ဆုံးသော လွတ်လပ်စွာကုန်သွယ်ရေး သဘော တူစာချုပ်တစ်ခုဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် သဘောတူစာချုပ်တစ်ခုအဖြစ် ဆက် လက်တည်ရှိစေရန် ကတိကဝတ်ပြုကြောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဗိသုကာ အပေါ် အများ၏ယုံကြည်လက်ခံမှုနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုးစားမှုတို့ ကို ထိန်းသိမ်းရန်နှင့် ဒေသအတွင်း စီးပွားရေး ပြန်လည်နာလန်ထူခြင်းကို ကူညီဖြည့်ဆည်းပေးရန်အတွက် မိမိတို့၏ ကတိကဝတ်ကို ယခုကုန်သွယ်ရေးသဘောတူစာချုပ်က ကမ္ဘာသို့ အခိုင်အမာ ထုတ်ဖော်ပြသလိမ့်မည်ဖြစ် ကြောင်း၊ ကောင်းမွန်စွာဖွဲ့စည်းထား၍ ထိ ရောက်မှုရှိပြီး စည်းမျဉ်းကို အခြေခံသည့် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် သဘောတူစာချုပ်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးအတွက်  မောင်းနှင်အားအသစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ သဘောတူစာချုပ်တွင်ပါဝင်သည့် ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထိပ်သီးအစည်းအဝေးအပြီးတွင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင် ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံကိုယ်စား ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ အာရှ-ပစိဖိတ် ဒေသရှိ ၁၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးသည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်သည် ကမ္ဘာ့ လူဦးရေ၏ ရာခိုင်နှုန်း ၃၀၊ ကမ္ဘာ့စီးပွားရေး၏ ရာခိုင်နှုန်း ၃၀ နှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ လည်း ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီးနောက် အာဆီယံဥက္ကဋ္ဌ အထိမ်းအမှတ် တူတစ်ခုကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

Most Read

Most Recent