တံကောက်ကြောဒဏ်ရာကြောင့် မန်ယူနောက်ခံလူ လုခ်ရှော တစ်လခန့် အနားယူရမည် 

တံကောက်ကြောဒဏ်ရာကြောင့် မန်ယူနောက်ခံလူ လုခ်ရှော တစ်လခန့် အနားယူရမည် 
Photo: Getty Images
Photo: Getty Images
Published 11 November 2020

မန်ယူအသင်း၏ ဘယ်နောက်ခံလူ လုခ်ရှောသည် တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့် အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ 

အင်္ဂလန်နောက်ခံလူ လုခ်ရှောသည် နိုဝင်ဘာ (၇)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန် (၁-၃) မန်ယူပွဲ၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၆၇)မိနစ်တွင် အခြားနောက်ခံလူတစ်ဦးဖြစ်သည့် တွမ်ဇီဘီနှင့် လူစားလဲခဲ့ရသည်။ 

လုခ်ရှောအနေဖြင့် အဆိုပါဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖွယ်ရှိသည်ဟု မန်ယူအသင်းက ထုတ်ပြန်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားကမူ ပွဲဆက်များဆက်တိုက်ကစားရခြင်းကို အပြစ်တင်ခဲ့သည်။ 

ဆိုးလ်ရှားက "ပွဲစဉ်ဇယားရေးဆွဲသူတွေက ကစားသမားတွေကို သတ်နေသလိုပါပဲ။ အခု လုခ်ရှော ဒဏ်ရာရသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ သူဟာ ဒီရာသီမှာ ပွဲတွေ အများကြီး ကစားခဲ့ရလို့ပါ။ ဗုဒ္ဓဟူးနေ့က တူရကီမှာ ကစားခဲ့ပြီး ကြာသပတေးနေ့ နံနက် (၄)နာရီမှာ ကျွန်တော် အင်္ဂလန်ကို ပြန်ရောက်ပါတယ်။ ဒါပေမဲ့ စနေနေ့ နေ့လယ်မှာပဲ ပရီးမီးယားလိဂ်ပွဲ ကစားခဲ့ရတယ်။ ဒီလိုအနေအထားမှာ ပွဲကစားရတာ အရမ်းခက်ခဲပြီး ကြိုးစားကစားနေကြတဲ့ ကစားသမားတွေကို ကျွန်တော် ချီးကျူးပါတယ်။ တာဝန်ရှိသူတွေကတော့ ကျွန်တော်တို့ကို ကျဆုံးအောင် လုပ်နေပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ လုခ်ရှောသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၀) ပါဝင်ကစားထားသည်။ 

Most Read

Most Recent