၂၀၂၁ ခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်လိုကြောင်း ခရူဆာဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ် ပြောကြား

၂၀၂၁ ခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်လိုကြောင်း ခရူဆာဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ် ပြောကြား
Photos : Dave Leduc Facebook
Photos : Dave Leduc Facebook
Published 10 November 2020

ကနေဒါနိုင်ငံသား ရိုးရာလက်ဝှေ့သမား ဒေ့ဗ်က WLC ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို လာမည့် ၂၀၂၁ ခုနှစ်တွင် ထိုးသတ်လိုကြောင်း Eleven Sports သို့ ပြောကြားသည်။

ဒေ့ဗ်သည် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် UFC ကစားသမားဟောင်း ဆာ့ဘတ်ဇင်စကီးကို အနိုင်ယူကာ WLC ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ ချန်ပီယံကာကွယ်ပွဲ မထိုးသတ်ရသေးခြင်းဖြစ်သည်။

''ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကမ္ဘာကြီးက စိုးရိမ်နေတဲ့အတွက် WLC အနေနဲ့ ကျွန်တော့်အတွက် ပြိုင်ဘက်တွေရှာဖွေပေးဖို့ ခက်ခဲနေတဲ့အချိန် ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေအရလည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကိုလာလို့ မရသေးတဲ့ ခရီးသွားမှုဆိုင်ရာကန့်သတ်ချက်တွေ ရှိနေပါတယ်။ လာမယ့်နှစ်မှာတော့ ကျွန်တော့်အတွက် ချန်ပီယံကာကွယ်ပွဲစီစဉ်ပေးမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ်လမှာ ဆာ့ဘတ်ဇင်ကီးကိုအနိုင်ယူပြီး ချန်ပီယံဆုရယူနိုင်ခဲ့တာဟာ အခုဆိုရင် တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ဒါကြောင့် လာမယ့် ၂၀၂၁ ထဲမှာတော့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်လိုပါတယ်'' ဟု ဒေ့ဗ်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မြန်မာလက်ခမောင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဒေ့ဗ်၏ ခရူဆာဝိတ်တန်းချန် ပီယံကာကွယ်ပွဲအပါအဝင် အခြားပွဲစဉ်များကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့သောကြောင့် ရွှေ့ဆိုင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ရသည်။

ထို့ပြင် ယခုနှစ်အတွင်း ပြည်ပနိုင်ငံလေးနိုင်ငံ၌ ပွဲစဉ်များကျင်းပရန် စီစဉ်ထားပြီး ဒေ့ဗ်၏ ခရူဆာဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို အမေရိကန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။

ဒေ့ဗ်သည် နိုဝင်ဘာ ၇ ရက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်း) က အမေရိကန်နိုင်ငံ၌ကျင်းပသည့် မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲတွင် အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်ဝါရှင်တန်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

ဒေ့ဗ်သည် ဆိုင်းရပ်စ်ကို ပွဲချိန်ပြည့် ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး တံတောင်ရိုက်ချက်နှင့် ပင့်လက်သီးများကြောင့် စတုတ္ထအချီတွင် ဆိုင်းရပ်စ် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်း၌ လက်ဝှေ့ပွဲစဉ်များ ကျင်းပခွင့်မရသေးဘဲ ယင်းအခြေအနေမှာ ပြည် တွင်းရှိ လက်ဝှေ့ကစားသမားများနှင့် ကလပ်များအပေါ်တွင် ရိုက်ခတ်မှုများရှိနေကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် လက်ဝှေ့ကလပ်များနှင့် ကစားသမားများ၏ ဘဝရပ်တည်မှုအခြေအနေမှာလည်း ထိခိုက်မှုများရှိလာကြောင်း သိရသည်။

 

Most Read

Most Recent