အိမ်ကွင်း(၂)ပွဲဆက်ရှုံးနိမ့်မှုကြောင့် ရီးယဲလ်နည်းပြ ဇီဒန်း ဖိအားများ ရင်ဆိုင်နေရ

အိမ်ကွင်း(၂)ပွဲဆက်ရှုံးနိမ့်မှုကြောင့် ရီးယဲလ်နည်းပြ ဇီဒန်း ဖိအားများ ရင်ဆိုင်နေရ
Photo: Getty Images
Photo: Getty Images
Published 24 October 2020

ရီးယဲလ်အသင်းနည်းပြ ဇီဒန်းသည် အိမ်ကွင်း(၂) ပွဲဆက် ရှုံးနိမ့်ထားသည့်အခြေအနေကြောင့် အနာဂတ်နှင့်ပတ်သက်၍ ဖိအားများရင်ဆိုင်နေရပြီဖြစ်ကြောင်း စပိန်သတင်းဌာနများက ဖော်ပြသည်။ 

ထို့ပြင် ဇီဒန်းသည် ရှက်တာဒိုးနက်နှင့်ပွဲအပြီးတွင် တစ်နာရီကြာမှသာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သို့သော် ဇီဒန်းက မိမိအနာဂတ်နှင့်ပတ်သက်၍ ကောလာဟလများမှာ မထူးဆန်းကြောင်းနှင့် အပြောင်းအလဲပြုလုပ်နိုင်ရန်အတွက် အမြန်ဆုံးအဖြေရှာတွေ့ရန်သာ လိုအပ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

    

"အဲဒီအကြောင်းတွေက အကူအညီမဖြစ်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးကျရင် ဘယ်သူမှ အပြောင်းအလဲဖြစ်မှာမဟုတ်ပါဘူး။ ဒါက ဘောလုံးမှာ ဖြစ်နေကျအခြေအနေတစ်ခုပါပဲ။ ကျွန်တော်က မန်နေဂျာ ဖြစ်လို့ တချို့ကိစ္စတွေ အလုပ်မဖြစ်တဲ့အခါ ဝေဖန်မှုတွေထွက်လာတယ်ဆိုတာ ပုံမှန်ပါပဲ။ အခုလောလောဆယ်မှာ ကျွန်တော်လုပ်ရမှာက အပြောင်းအလဲလုပ်ဖို့အတွက် အဖြေကို မြန်မြန်ရှာတွေ့ဖို့ပါ။ အခုအချိန်မှာ လာမယ့်ပွဲအကြောင်းပဲ ကျွန်တော်စဉ်းစားနေပြီး ကစားသမားတွေနဲ့ ပြင်ဆင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ရမယ့်သူတွေဖြစ်လို့ပါ။ El Clásico ဆိုတာ ပွဲကောင်းတစ်ပွဲပါ။ ဒါက အချိုးအကွေ့ဖြစ်ဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ အဲဒီလိုလုပ်နိုင်ဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်" ဟု ဇီဒန်းက ပြောကြားခဲ့သည်။

    

ရီးယဲလ်အသင်းသည် ယနေ့ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၈း၃၀ နာရီ)တွင် El Clásico ပွဲအဖြစ် ဘာစီလိုနာအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent