ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 24 October 2020

ဝက်စ်ဟမ်း - မန်စီးတီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ညနေ ၆:၀၀ နာရီ)

လက်စတာကို အနိုင်ကစားခဲ့ပြီး၊ စပါးကို (၃) ဂိုးအရှုံးကနေ သရေရလဒ်ပြန်ယူခဲ့ပေမဲ့ ဝက်စ်ဟမ်းကို သိပ်မယုံချင်သေးဘူး။ ခံစစ်က အားပျော့လွန်းပြီး (၂)ပွဲပေါင်း (၆)ဂိုး သွင်းခဲ့ပေမဲ့ ဝက်စ်ဟမ်းတိုက်စစ်ကို ယုံကြည်ဖို့ ခက်နေတယ်။ မန်စီးတီးရဲ့တိုက်စစ်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ လုံလောက်တဲ့ စုဖွဲ့မှုနဲ့ တစ်ဦးချင်း ကျွမ်းကျင်မှုမရှိဘူးလို့လည်း ယူဆမိတယ်။ မန်စီးတီး နိုင်ပွဲယူလိမ့်မယ်။ 

ဖူလ်ဟမ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၈:၃၀ နာရီ)

ဖူလ်ဟမ် ဒီထက်ပိုလုပ်ပြနိုင်သင့်နေပြီ။ ရလဒ်တွေက တကယ်အားရစရာမရှိပါဘူး။ ဒါပေမဲ့ ဒီရလဒ်တွေထက် ပိုထိုက်တန်တဲ့ ခြေစွမ်းမျိုး သူတို့မှာရှိတယ်လို့ မြင်နေရတယ်။ သူတို့အတွက် ပြိုင်ဘက်တိုင်း၊ အသင်းတိုင်းက ခက်ခဲနေမှာဖြစ်လို့ ပဲလေ့စ်နဲ့ ကစားရတာ လည်း အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ် ဒီပွဲကိုတော့ မရှုံးနိုင်ဘူးလို့ ယုံကြည်ရတယ်။ ဖူလ်ဟမ်ကို ကြိုက်တယ်။ 

မန်ယူ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၁၁:၀၀ နာရီ)

နယူးကာဆယ်၊ PSG တို့နဲ့ပွဲတွေမှာ မန်ယူလုပ်ပြခဲ့တာတွေက မယုံနိုင်စရာပါ။ ဒါပေမဲ့ အခုအချိန်အထိ မြင်နေရတဲ့ အားနည်းချက်က နောက်ဆုံးမိနစ်ပိုင်းတွေရောက်မှ အလုပ်ဖြစ်တာဖြစ်ပြီး ပွဲချိန်တစ်လျှောက်လုံးကစားနေတာ သာမန်အဆင့် ထက်မပိုဘူး။ မိနစ် (၈၀)လောက်အထိ သရေအနေအထားကနေ အနို်င်ဂိုးတွေ ရထားတာဖြစ်ပြီး၊ တကယ်လို့သာ ချယ်လ်ဆီးက စောစောစီးစီးအခွင့်အရေးယူထားနိုင်မယ်၊ နောက်ဆုံးမိနစ်တွေကို အနိုင်ဂိုးနဲ့ ဆက်သွားနိုင်မယ်ဆိုရင် မန်ယူ ဘယ်လောက်  တုံ့ပြန်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ မနှစ်က မန်ယူက ချယ်လ်ဆီးကို ပရီးမီးယားလိဂ် (၂)ပွဲစလုံး အနိုင်ယူခဲ့ပြီး ဒီနှစ် အတွက်လည်း စိုးရိမ်စိတ်ရှိမယ်မထင်ဘူး။ ချယ်လ်ဆီးကလည်း မန်ယူထက် ကစားပုံပိုကောင်းတဲ့အသင်းတစ်သင်းလို့ ပြော လို့ရပြီး မန်ယူကို စိုးရိမ်မှာမဟုတ်ဘူး။ နှစ်သင်းစလုံး နိုင်ပွဲအတွက်ပဲ ဦးတည်ကစားလိမ့်မယ်။ မန်ယူရဲ့ဒဏ်ရာပြဿနာနဲ့ ချယ်လ်ဆီးရဲ့ခံစစ်ပြဿနာကို စောင့်ကြည့်ရမယ်။ သရေကျဖို့များပါတယ်။ 

လီဗာပူးလ် - ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ ရက်၊ နံနက် ၁:၃၀ နာရီ)

ဗီလာကို ရှုံးတဲ့ပွဲကို မေ့လိုက်လို့ရပါတယ်။ လီဗာပူးလ်လိုအသင်းမျိုးက ဒီလိုအဖြစ်မျိုးတွေကို အများကြီးဖြစ်လေ့မရှိသလို၊ ကြုံရရင်လည်း ပြန်ထိန်းနိုင်တယ်။ မန်စီးတီးကို (၅) ဂိုးပြတ်ရှုံးခဲ့ပြီးတုန်းက ပြန်လာသလိုပဲ ပြန်လာနိုင်လိမ့်မယ်။ အဲဗာတန်နဲ့ ပွဲတုန်းက ကစားခဲ့တဲ့ပုံစံကလည်း အားရစရာပါ။ ရှက်ဖီးယူနိုက်တက်က အရမ်းအားနည်းလာပြီး ဖူလ်ဟမ်ကိုတောင် မရှုံးအောင် အသည်းအသန်ကစားခဲ့ရတယ်။ လီဗာပူးလ် ဂိုးပြတ်သွင်းမယ်။ 

Most Read

Most Recent