အာဆီယံဒေသ၏ ခရီးသွားကဏ္ဍမြှင့်တင်နိုင်မည့် အဓိကဦးတည်စျေးကွက်နိုင်ငံများကို ပြန်လည်စဉ်းစားခြင်း ကိစ္စရပ်များ အပါအဝင် ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေး မဟာဗျူဟာများ ဆွေးနွေးရန် ၁၀ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းစျေးကွက်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပ

အာဆီယံဒေသ၏ ခရီးသွားကဏ္ဍမြှင့်တင်နိုင်မည့် အဓိကဦးတည်စျေးကွက်နိုင်ငံများကို ပြန်လည်စဉ်းစားခြင်း ကိစ္စရပ်များ အပါအဝင် ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေး မဟာဗျူဟာများ ဆွေးနွေးရန် ၁၀ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းစျေးကွက်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပ
၁၀ ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်းပူးပေါင်း စျေးကွက်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး Video Conferencing ဖြင့် ကျင်းပစဉ်
၁၀ ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်းပူးပေါင်း စျေးကွက်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး Video Conferencing ဖြင့် ကျင်းပစဉ်
Published 21 October 2020

အာဆီယံဒေသ၏ ခရီးသွားကဏ္ဍ မြှင့်တင်နိုင်မည့် အဓိက ဦးတည်စျေးကွက်နိုင်ငံများအား ပြန်လည်စဉ်းစားခြင်း ကိစ္စရပ်များ အပါအဝင် ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေး မဟာဗျူဟာများဆွေးနွေးရန် ၁ဝကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း ပူးပေါင်းစျေးကွက်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၈ နာရီတွင် Video Conferencing ဖြင့် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးအား စင်ကာပူနိုင်ငံမှ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွား စျေးကွက်မြှင့်တင်ရေး အဆင့်မြင့်အရာရှိနှင့် စျေးကွက်မြှင့်တင်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယခုပြုလုပ်သည့် အစည်းအဝေးသည် အာဆီယံခရီးသွား လုပ်ငန်းစျေးကွက်မြှင့်တင်ရေး မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်အတွက် လုပ်ဆောင်သွားမည့် ခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရေးအစီအမံများနှင့် အာဆီယံချိတ်ဆက်ဆောင်ရွက်မှု မဟာဗျူဟာစီမံကိန်း ၂၀၂၅ အရ အာဆီယံခရီးသွားလုပ်ငန်း Digital Platform အဆင့်မြှင့်တင်ရေး စီမံကိန်း တိုးတက်မှုအခြေအနေများကို အကြံပြုဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် စျေးကွက်မြှင့်တင်ရေးအေဂျင်စီမှ အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းအကြောင်း လွှင့်တင်ကြော်ငြာထားသည့် Website Performance နှင့် Social Media Performance အခြေအနေများကို ရှင်းလင်းပြောကြားခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ၂၀၂၁ ခုနှစ်တွင် အာဆီယံ ခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရေး အစီအမံများဖြစ်သည့် SEO/SEM များဖြင့် လွှင့်တင်ကြော်ငြာခြင်း၊ ခရီးသွားများအား ဆွဲဆောင်ရန် influencer များအား ဖိတ်ခေါ်၍ Campaign များပြုလုပ်ခြင်း၊ COVID-19 နှင့် အခြားစိတ်ဝင်စားဖွယ် ခရီးသွား အကြောင်းအရာပါဝင်သော ဗီဒီယိုများပြုလုပ်၍ ကြော်ငြာခြင်း၊ အာဆီယံဒေသ၏ ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်မည့် အဓိက ဦးတည်စျေးကွက်နိုင်ငံများအား ပြန်လည်စဉ်းစားခြင်းစသည့် ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ ငါးနှစ်ကာလသို့ ရောက်ရှိပြီးဖြစ်သဖြင့် ကာလလယ် ပြန်လည်သုံးသပ်ရေးဆိုင်ရာ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်၊ နံနက် ၇ နာရီ ၃၀ တွင် Video Conferencing ဖြင့် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံ ခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း (၂၀၁၆ -၂၀၂၅) ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်များအပေါ် ကာလလယ်သုံးသပ်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စစ်တမ်းကောက်ယူခဲ့သည့် ရလဒ်များနှင့် တွေ့ရှိချက်များအရ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ တွင် ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များ၊ COVID-19 အခြေအနေအရ အသစ်ထပ်မံထည့်သွင်းသွားမည့် လုပ်ငန်းစီမံချက်များကို အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင်များက ပဏာမညှိနှိုင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြံပြုချက်များကို ရယူခဲ့ကြောင်း သိရသည်။

အဆိုပါအာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်ခန့်တွင် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်များ၏ ထောက်ခံအတည်ပြုချက်ဖြင့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများက ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။