ကလပ်အသင်းမရှိသည့် ယူ-၁၉ လက်ရွေးစင်ကစားသမားများကိုခေါ်ယူရန် MNL ကလပ်အသင်းများ စိတ်ဝင်စား

ကလပ်အသင်းမရှိသည့် ယူ-၁၉ လက်ရွေးစင်ကစားသမားများကိုခေါ်ယူရန် MNL ကလပ်အသင်းများ စိတ်ဝင်စား
Photo: EMG
Photo: EMG
Published 18 October 2020

 

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများသည် ကလပ်အသင်းမရှိသည့် မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းမှ ကစားသမားများကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

လက်ရှိဖွဲ့စည်းထားသော မြန်မာ ယူ- ၁၉ အသင်းသည် ကာလရှည်ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများ စဉ်ဆက်မပြတ် ယှဉ်ပြိုင်လျက်ရှိသလို ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နေသည်။ မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းကို ကစားသမား ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး တစ်ဝက်နီးပါးမှာ MFF အကယ်ဒမီမှ ကစားသမားများဖြစ်ကာ ကလပ်အသင်းမရှိသေးသည့် ကစားသမားများလည်း ပါဝင်လျက်ရှိသည်။ 

ထို့ကြောင့် MNL ကလပ်အသင်းအချို့သည် ယင်းကစားသမားများကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ရာသီသစ်အတွက် ပြင်ဆင်ပါက ကမ်းလှမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် ဟံသာဝတီအသင်းကလည်း ယူ-၁၉ အသင်း ကစားသမားသုံးဦးကို ခေါ်ယူမည်ဖြစ်သည်။ 

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၀ ရာသီတွင် Junior Lions အသင်းအမည်ဖြင့် MNL-2 (ပထမတန်း) ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပထမအကျော့အပြီးတွင် ပြိုင်ပွဲဖျက်သိမ်းခဲ့ရသည်။ Juni or Lions အသင်းသည် ပထမအကျော့အပြီးတွင် အမှတ်ပေးဇယားကို ဦးဆောင်ကာ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးအောင် ကစားခွင့်မရဘဲ ဖျက်သိမ်းခဲ့ရသည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၉ ရာသီတွင် MNL ယူ- ၂၁ လိဂ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ် ပြိုင်ရာ ချန်ပီယံဆုရရှိခဲ့ပြီး ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲခဲ့သည်။ ယင်းအသင်းကို ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

Most Read

Most Recent