ပရီးမီးယားလိဂ်ကလပ်များ၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ယခင်ရာသီထက်လျော့နည်းပြီး ပေါင် (၁.၂၁၈) ဘီလီယံရှိ

ပရီးမီးယားလိဂ်ကလပ်များ၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ယခင်ရာသီထက်လျော့နည်းပြီး ပေါင် (၁.၂၁၈) ဘီလီယံရှိ
Photos: Getty Images, Goal.com & Manchester United Twitter
Photos: Getty Images, Goal.com & Manchester United Twitter
Published 6 October 2020

၂၀၂၀-၂၀၂၁ ရာသီအတွက် ဥရောပဘောလုံးလောက၏ နွေရာသီအပြောင်းအရွှေ့ကာလမှာ အောက်တိုဘာ (၅)ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အသုံးစရိတ်မှာ ယခင်နှစ်ထက် လျော့နည်းသွားသော်လည်း ထိပ်တန်းလိဂ်များအနက် သုံးစွဲမှုအများဆုံးအဖြစ် ဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

လန်ဒန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် Carteret Analytics ၏ ထုတ် ပြန်မှုအရ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ ကာလတွင် ပရီးမီးယားလိဂ်ကလပ်များ၏ အသုံးစရိတ်မှာ ပေါင် (၁.၂၁၈)ဘီလီယံ ရှိကြောင်း သိရသည်။ ယင်းပမာဏမှာ ယခင်နှစ်အသုံးစရိတ် ပေါင် (၁.၃၇၆)ဘီလီယံထက် ပေါင် (၁၅၈)သန်း လျော့နည်းသွားခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀) သည် နွေရာသီကာလတွင် ကစားသမား  စုစုပေါင်း (၁၀၂)ဦး ခေါ်ယူခဲ့ကြပြီး ဟာဗက်ဇ်၊ ဗာနာ၊ ချီဝဲလ်၊ ဇီယက်ရှ်၊ မန်ဒီတို့အတွက် ပေါင် (၂၂၂)သန်းအသုံးပြုခဲ့သည့် ချယ်လ်ဆီးအသင်းက အသုံးစရိတ်အများဆုံးအဖြစ် ရပ်တည်ခဲ့သလို မန်စီးတီးအသင်းကလည်း ပေါင် (၁၄၁) သန်း၍ ကစားသမားသစ် (၃) ဦး ခေါ်ယူခဲ့သည်။ 

ပရီးမီးယားလိဂ်ကလပ်များ၏ နွေရာသီအသုံးစရိတ်မှာ ယခင်နှစ်ထက် လျော့ နည်းသွားသော်လည်း စီးရီးအေပြိုင်ပွဲထက် (၂)ဆ၊ လာလီဂါ၊ ဘွန်ဒစ်လီဂါနှင့် လီဂူး-၁ ပြိုင်ပွဲများထက် (၃)ဆပိုများပြီး ဥရောပထိပ် တန်းလိဂ်များအနက် အများဆုံးအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း Carteret Analytics က ဖော်ပြသည်။

အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ပရီးမီးယားလိဂ်ကလပ် (၇)သင်းကသာ ကစားသမားခေါ်ယူမှုပြုလုပ်ခဲ့ကြပြီး (၁၂)ဦးသာ ခေါ်ယူခြင်းမှာလည်း နောက်ဆုံးခုနစ် နှစ်အတွင်း အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

နောက်ဆုံးနေ့၏ တန်ဖိုးအမြင့်ဆုံးအပြောင်းအရွှေ့မှာ အက်သလက်တီကို အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် (၄၅.၃)သန်းဖြင့် ပြောင်းရွှေ့လာသည့် ဂါနာကွင်းလယ်လူ သောမတ်စ်ပါတေးဖြစ်ပြီး လိဂ်ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်းမှ အဲဗာတန်အသင်းသို့ ပေါင် (၂၅) သန်းဖြင့် ပြောင်း ရွှေ့လာသည့် ဂေါ့ဖရေးက ဒုတိယအများဆုံး အဖြစ် ရပ်တည်ခဲ့သည်။ 

ရာသီအစတွင် ရလဒ်ပိုင်းဆိုးရွားမှုကြောင့် ဝေဖန်မှုများခံနေရသည့် မန်ယူအသင်းကလည်း ကစားသမား(၄)ဦးဖြင့် အများဆုံးခေါ်ယူခဲ့ပြီး PSG အသင်းနှင့် လမ်းခွဲထားသည့် ဝါရင့်တိုက်စစ်မှူး ကာဗာနီကို အလွတ်၊ ပေါ်တိုအသင်း၏ ဘရာဇီးလ်ဘယ်နောက်ခံလူ တဲလက်စ်ကို ပေါင် (၁၃.၆)သန်း၊ ဥရုဂွေးကလပ် ပန်ညာရိုလ်အသင်းမှ လူငယ်တောင်ပံကစားသမား ပယ်လစ်စထရီကို ပေါင်(၁၀)သန်းဖြင့် ခေါ်ယူခဲ့သလို အတ္တလန်တာအသင်းတောင်ပံ ကစားသမား အာမက်ထရာအိုရေးကိုလည်း ပေါင် (၁၉) သန်းဖြင့် ဇန်နဝါရီတွင် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်။

    

ယခုနွေရာသီတွင် အပြောင်းအရွှေ့ အသုံးစရိတ်လျော့ကျသွားခြင်းမှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့်ဖြစ်ပြီး ပရီးမီးယားလိဂ်၌ ပေါင်သန်း (၅၀) ထက်ပိုများသည့် အပြောင်းအရွှေ့မှာလည်း ချယ်လ်ဆီးကွင်းလယ်လူ ဟာဗက်ဇ် (ပေါင် ၇၂ သန်း)နှင့် မန် စီးတီးနောက်ခံလူ ဒီယက်စ် (ပေါင် ၆၂ သန်း) တို့ (၂)ဦးသာရှိခဲ့သည်။ 

ထို့ပြင် ဥရောပထိပ် တန်းလိဂ်များတွင် အသုံးစရိတ် ပေါင်သန်း (၁ဝဝ) ကျော်သည့်ကလပ်အဖြစ် ချယ်လ်ဆီး (၂၂၂ သန်း)၊ မန်စီးတီး (၁၄၁ သန်း) နှင့် ဘာစီလိုနာ (၁၁၂ သန်း) တို့ (၃)သင်းသာရှိပြီး ပြီးခဲ့သည့်ရာသီက အနည်းဆုံး (၁၀) သင်း အထက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent