ကစားပုံလိုအပ်ချက်ရှိသော်လည်း နောက်ဆုံးအချိန်အထိ အရှုံးမပေးလိုသည့် ကစားသမားများ၏ စိတ်ဓာတ်ကို ကွန်တီ ချီးကျူး

ကစားပုံလိုအပ်ချက်ရှိသော်လည်း နောက်ဆုံးအချိန်အထိ အရှုံးမပေးလိုသည့် ကစားသမားများ၏ စိတ်ဓာတ်ကို ကွန်တီ ချီးကျူး
Photos : Inter Twitter
Photos : Inter Twitter
Published 28 September 2020

အင်တာမီလန်အသင်းနည်းပြ ကွန်တီက ပြီးခဲ့ သည့် ဖီအိုရင်တီးနားအသင်းနှင့်ပွဲတွင် အသင်း၏ကစားပုံ လိုအပ်ချက်များရှိခဲ့သော်လည်း နောက်ဆုံးအချိန်အထိ အရှုံးမပေးလိုသည့် တိုက်ပွဲဝင်စိတ်ဓာတ် ကို ချီးကျူးခဲ့သည်။ အင်တာမီလန်အသင်းသည် ဖီအိုရင်တီးနားအသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ် အဖွင့်လှခဲ့သည်။ သို့သော် ဖီအိုရင်တီးနားအသင်းနှင့်ပွဲတွင် အင်တာမီလန်အသင်းသည် ပွဲချိန် (၈၆)မိနစ်အထိ (၂-၃)ဂိုးဖြင့် အရေးနိမ့်နေခဲ့ပြီး ပွဲချိန် (၈၇)မိနစ်ရောက်မှ လူကာကူက ချေပဂိုးနှင့် အမ်ဘရိုစီယိုက အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ 

ကွန်တီက ''အနိုင်(၃)မှတ်က သိပ်ပြီး အရေးကြီးပါတယ်။ ဒါပေမဲ့ တစ်ပွဲလုံးစွမ်းဆောင်ရည်ကို ပြန်ပြီးလေ့လာသင့်ပါတယ်။ အပြုသဘောဆောင်တာက ကျွန်တော်တို့အသင်း (၄) ဂိုးသွင်းယူနိုင်ခဲ့တာပါပဲ။ ပြီးတော့ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဖီအိုရင်တီးနားဂိုးသမား ဒရာဂိုစကီးက လက်စွမ်းပြခဲ့လို့လည်း ကံဆိုးခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း ဖီအိုရင်တီးနားရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းတိုးတက်ဖို့ လိုအပ်နေပါ သေးတယ်။ တိုက်စစ်နဲ့ခံစစ် ဟန်ချက်မညီသေးပါဘူး။ တိုးတက်အောင် ကြိုးပမ်းရပါဦးမယ်''ဟု ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းနှင့်ပွဲကို လာရောက်ကြည့်ရှုခဲ့သည့် ဖီအိုရင်တီးနားအသင်းပိုင်ရှင် ကော့မစ်ဆိုက ဦးဆောင်ခွင့်ရခဲ့သော်လည်း ပွဲကို အဆုံးမသတ်နိုင်ခဲ့သဖြင့် အသင်းသားများအား ပြစ်တင်ခဲ့သည်။ ကော့မစ်ဆိုက ''ဒါက ဘောလုံးလောကပါပဲ။ နိုင်မယ်၊ ရှုံးမယ်၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း ပြောင်းလဲနိုင်ပါတယ်။ အင်တာမီလန်က စီးရီးအေရဲ့အတောင့်တင်းဆုံးလူစာရင်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့အသင်းက ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်ပါ တယ်။ ကျွန်တော်တို့ ဒီပွဲကနေ သင်ခန်းစာယူရပါမယ်။ ရီဘာရီကတော့ တကယ်ကောင်းမွန်ပြီး မျက်လှည့်ဆန်တဲ့ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ  ကျွန်တော်တို့အသင်းက ရာသီအစပွဲစဉ် (၅)အထိ နိုင်ပွဲမရခဲ့ပါဘူး။ လက်ရှိရာသီမှာတော့ တိုးတက်မှုတွေရှိလာ (နှစ်ပွဲကစားထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထား)ပါပြီ။ ကျွန်တော်တို့အသင်းက လက်ရှိရာသီစီးရီးအေမှာ ပုံစံကောင်းပြနိုင်မှာပါ''ဟု ပြောခဲ့သည်။  အင်တာမီလန်အသင်းနှင့်ပွဲသည် ဖီအိုရင် တီးနားအသင်းအတွက် (၃)ဂိုးသွင်းယူနိုင်ခဲ့သော် လည်း  သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ရှုံးနိမ့် ခဲ့သည့် စီးရီးအေပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Most Read

Most Recent