မဲဆွယ််မိန့်ခွန်းပါ အချက်အချို့ကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခြင်းသည် မဲဆန္ဒရှင်ပြည်သူများ ကြုံတွေ့ခံစားနေရသောကိစ္စများကို ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်ရာရောက်ဟု ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) ထုတ်ပြန်

မဲဆွယ််မိန့်ခွန်းပါ အချက်အချို့ကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခြင်းသည် မဲဆန္ဒရှင်ပြည်သူများ ကြုံတွေ့ခံစားနေရသောကိစ္စများကို ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်ရာရောက်ဟု ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) ထုတ်ပြန်
Published 22 September 2020
ဖြိုးဇင်(ထားဝယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် ရေဒီယိုမှတဆင့် ထုတ်လွှင့်မည့့်် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးဟောပြောချက် မိန့်ခွန်းစာသားများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခြင်းသည် ဒေသခံ မဲဆန္ဒရှင်ပြည်သူများ အမှန်တကယ် ကြုံတွေ့ခံစားနေရသော အရေးကိစ္စများကို ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်ရာရောက်ပြီး ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ညီညွှတ်သောလုပ်ရပ် မဟုတ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) က ယနေ့ (စက်တင်ဘာ ၂၂ ရက်) တွင် ကြေညာချက် ထုတ်ပြန်သည်။

ယင်းသို့ မဲဆွယ်ဟောပြောမည့် မိန့်ခွန်းစာသားများ ဆင်ဆာဖြတ်တောက်ခံရသည့်အပေါ် ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) က ၎င်းတို့ရုံးချုပ်ရှိရာ ထားဝယ်မြို့ ဆေးရုံလမ်းရုံး၌ ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေ ၄ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အချက် သုံးချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) က ထုတ်ပြန် ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြုတ်ပယ်ခံရသည့် ပါတီ၏မိန့်ခွန်း ရှစ်ပိုဒ်အတွင်း၌ တနသာင်္ရီတိုင်းတွင် လျှပ်စစ်ဓာတ်အားခ ပြည်မနှင့်တန်းတူ မရှိမှုအပေါ် မေးခွန်းထုတ်ခြင်းနှင့် ထားဝယ်လူမျိုးတို့ ဗမာအဖြစ် လွဲမှားစွာ မှတ်ပုံတင်ထားခြင်းခံရခြင်းတို့ အဓိကပါဝင်ကြောင်း၊ ထိုသို့ဖြတ်တောက်ခြင်းသည် ဒေသခံ မဲဆန္ဒရှင်ပြည်သူများ အမှန်တကယ်ကြုံတွေ့ခံစားနေရသော အရေးကိစ္စများကို ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်ရာရောက်ပြီး ဒီမိုကရေ စီစံချိန်စံညွှန်းနှင့် ညီညွှတ်သော လုပ်ရပ်မဟုတ်ကြောင်းနှင့် ထားဝယ်တိုင်းရင်းသားများပါတီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မဲဆန္ဒရှင် ပြည်သူများနှင့် အများပြည်သူတို့ လွတ်လပ်စွာ အစီရင်ခံပိုင်ခွင့်ကို ပိတ်ပင်ရာရောက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထားဝယ်တိုင်းရင်းသားများပါတီ၏ ဟောပြောချက် မိန့်ခွန်းစာသားနှင့် ထုတ်လွှင့်မည့် သီချင်းတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အတိုင်း သြဂုတ် ၂၂ ရက်က ပေးပို့ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် ကော်မရှင်က ပေးပို့လာသည့် ဟောပြောခွင့်ပြုမိန့်တွင် ပါတီက တင်ပြထားသည့် မိန့်ခွန်းစာသား လေးပုံတစ်ပုံဖြစ်သည့် မိန့်ခွန်းအပိုဒ် ၃၂ ခုအနက် ရှစ်ခုကို ခွင့်မပြုကြောင်း အကြောင်းကြားလာခဲ့သည်ဟု သိရသည်။

" အကြောင်းပြန်တဲ့အချိန်မှာ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ထဲမှာပါတဲ့ ဒေသခံတွေရဲ့ တကယ်ကြုံတွေ့နေရတဲ့ကိစ္စ ၊ ကြုံတွေ့နေရတဲ့ ပြသနာတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ တည်ထောင်ပြီး လုပ်ဆောင်တဲ့နေရာမှာ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ချပြဖို့လိုတယ်။ ဒီတစ်ခါမှာ ထိလိုက်တဲ့ ဆင်ဆာတွေကလည်း ဒီကိစ္စတွေကို ပြောထားတာဖြစ်တယ်။ ဥပမာအားဖြင့် လျှပ်စစ်ကဏ္ဍမှာ ပြည်မနဲ့တန်းတူမရတဲ့ကိစ္စတွေ ထားဝယ်လူမျိုးတွေရဲ့ မှတ်ပုံတင်မှာ ဗမာဆိုပြီး လွဲမှားစွာ မှတ်ပုံတင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စတွေကို အဓိကထား ဆောင်ရွက်မယ်ဆိုပြီးတော့ ပြည်သူတွေကို ရှင်းရှင်းလင်းလင်းပေးထားတဲ့ သတင်းအချက်အလက်တွေ အစီရင်ခံတာတွေကို ပယ်ဖျက်ခြင်း ခံရတယ်။ အဲတော့ ကျွန်တော်တို့မှာ ပါတီထောင်ပြီးတော့ နိုင်ငံရေးလမ်းကြောင်းထဲကနေ လွှတ်တော်ထဲကနေ ပြင်ဆင်မယ့် ကြိုးစားမယ့် လမ်းကြောင်းတစ်ခု ပျောက်သွားသလို ဖြစ်သွားတယ်။ ဒါကြောင့် မိန့်ခွန်းထဲမှာ အပိုဒ်ပေါင်း ၃၂ ပိုဒ်မှာ ရှစ်ပိုဒ်တိတိ ပယ်ဖျက်ခြင်းခံရတယ်။ မိန့်ခွန်းအားလုံးရဲ့ လေးပုံတစ်ပုံ ပယ်ဖျက်ခြင်းခံရတာနဲ့ တူနေတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ထားဝယ်တိုင်းရင်းသားများပါတီအနေနဲ့ လူထုကို အစီရင်ခံမယ့် အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ပြောခွင့်ကို ပိတ်လိုက်တာနဲ့ တူတယ်။ တစ်ခါ ကျွန်တော်တို့ရဲ့ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူထံကို ရှင်းရှင်းလင်းလင်း သတင်းအချက်အလက်တွေ အစီရင်ခံခြင်း မရောက်နိုင်တာ ဖြစ်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတစွာ ပြုလုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတယ်ဆိုတာ ဒီကိစ္စကိ်ုတင်ပြခြင်း ဖြစ်ပါတယ်"ဟု ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးအေးမင်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ကြားမှုအပေါ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းချက်အရ ၎င်းတို့၏မူဝါဒနှင့် မကိုက်ညီ၍ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ လက်ရှိ ရေးသားခဲ့သည့် မဲဆွယ်မိန့်ခွန်း စာသားများအတိုင်းပင် ရေးသားကာ MRTV မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သော်လည်း ထိုစဉ်က ခွင့်ပြုချက်ရရှိခဲ့သည့် အချက်များကို လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမိန့်ခွန်း ထုတ်လွှင့်မှု၌ ပယ်ဖျက်ခြင်းခံရမှာ လွန်စွာအံ့သြမိပြီး မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်နိုင်မည်လား ဆိုသည်ကို သံသယရှိနေကြောင်း ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။

ထားဝယ်တိုင်းရင်းသားများပါတီမှာ မြန်မာနိုင်ငံသားများအကြား လူသိနည်းနေသေးသည့် ပါတီဖြစ်ခြင်းကြောင့် MRTV မှထုတ်လွှင့်ခြင်းနှင့် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခြင်းခံရပါက ပိုမိုလူသိများလာနိုင်ခြင်း၊ ယင်းသို့ ထုတ်လွှင့်ဖော်ပြရန် ပါတီမှ ပေးပို့ထားသည့်မိန့်ခွန်းပါ အချက်အချို့မှာ ယခင် ၂၀၁၅ ရွေးကောက်ပွဲ၌ ခွင့်ပြုချက်ရရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မပေးဘဲ ဆင်ဆာပြုလုပ် ပယ်ဖျက်ခဲ့သည့် အမှန်တရားကို မဖော်ပြပါက စွပ်စွဲသကဲ့သို့ ဖြစ်မည်ကိုစိုးရိမ်၍ ထောက်ပြသည့်အနေဖြင့် ပြည်သူများ သိရှိနိုင်စေရန် ဆင်တာဖြတ်တောက်ထားသည့်အတိုင်း ထုတ်လွှင့်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရိုက်ကူးပေးပို့ထားကြောင်း ဦးအေးမင်းက ပြောသည်။

COVID ရောဂါ အခြေအနေကြောင့် ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား အကြိမ်ကြိမ် ညှိနှိုင်းချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးသည့် မိန့်ခွန်းစာသားအတိုင်း မိမိအစီအစဉ်ဖြင့် ရိုက်ကူးပေးပို့ရန် ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့ကြောင့် ဆင်ဆာထိခဲ့သည့် မိန့်ခွန်းစာသားများကို ဖြုတ်ကာ ခွင့်ပြုခဲ့သည့် စာပိုဒ်များအတိုင်း ရိုက်ကူး၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ထားခြင်း ဖြစ်ကြောင်း ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဦးသူရိန်လှိုင်က ပြောကြားသည်။

လက်ရှိဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များအပေါ် မူတည်၍ ရွေးကောက်ပွဲအပေါ်၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဘက်လိုက်မှုကင်း မကင်းဆိုသည့်အပေါ် မှတ်ချက်မပေးလိုသော်လည်း ကော်မရှင်နှင့် ကော်မရှင်ဥက္ကဋ္ဌတို့ကို မည်သူက ခန့်အပ်ထားသည်ကို ကြည့်ခြင်းဖြင့် အဖြေမှာ ရှင်းလင်းနေကြောင်း ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။

ထားဝယ်တိုင်းရင်းသားများ အများဆုံးနေထိုင်သော တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် အခြေစိုက်ထားသည့် ထားဝယ်တိုင်းရင်းသားများပါတီမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အများစုတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း ရှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ တနသာင်္ရီတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်နေရာ ၂၀ နှင့် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၃ နေရာရှိပြီး ယင်းမဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလနှင့် ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်လောင်း ၂၇၃ ဦးရှိကြောင်း သိရသည်။

ထို့ပြင် တနသာင်္ရီတိုင်းဒေသကြီးအတွင်း၌ ကနဦးစာရင်းအရ မဲပေးခွင့်ရှိသူဦးမှာ ၁၁ သိန်းကျော်ရှိပြီး မဲရုံ ၁၂၀၄ ရုံရှိကြောင်း တနသာင်္ရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Most Read

Most Recent