COVID-19 ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိ၍ ရွေးကောက်ပွဲကို ကာလတစ်ခုအထိ ရွှေ့ဆိုင်းသင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အိတ်ဖွင့်ပေးစာပေးပို့

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိ၍ ရွေးကောက်ပွဲကို ကာလတစ်ခုအထိ ရွှေ့ဆိုင်းသင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အိတ်ဖွင့်ပေးစာပေးပို့
Published 14 September 2020
ဉာဏ်လင်းထွန်း

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိ၍ ရွေးကောက်ပွဲကို ကာလတစ်ခုအထိ ရွှေ့ဆိုင်းသင့်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက (DPNS) က စက်တင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုသည်။

မဲဆွယ်စည်းရုံးရေးကာလ ဖြစ်သော်လည်း Stay at Home သတ်မှတ်သည့် မြို့နယ်များတွင် မဲဆွယ်စည်းရုံးခွင့် မရရှိသည့် အခက်အခဲများနှင့် ကျန်းမာရေး အကန့်အသတ်များအောက်တွင် ပြည်သူများအနေဖြင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်မှုကို စိတ်ဝင်စားမှု အားနည်းနိုင်သောကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ယင်းပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးက မှတ်ချက်ပြုသည်။

“မဲဆွယ်စည်းရုံးမယ့်ကာလမှာ မဲဆွယ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေက ကျွန်မတို့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ လူအား၊ ငွေအား စသဖြင့် အရင်းအမြစ်များတဲ့ ပါတီကြီးအတွက်က သိပ်ပြဿနာ မရှိပေမဲ့ အရင်းအမြစ်နည်းပါးတဲ့ ပါတီတွေအတွက် တော်တော်ကို စိန်ခေါ်မှုကြီးမားပြီးတော့ နစ်နာမှုတွေ ဖြစ်လာနိုင်တယ်” ဟု DPNS ပါတီ၏ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း လည်းဖြစ်သည့် ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ဒေသများစွာတွင် သွားလာခွင့်၊ ထိတွေ့ဆက်ဆံခွင့်တို့ကို တင်းကျပ်စွာ ကန့်သတ်လျက်ရှိသည့် အခြေအနေအောက်တွင် တိုင်းရင်းသားပါတီများ အပါအဝင် မဲဆန္ဒနယ် အားလုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်သည့် နိုင်ငံရေးပါတီများအနေဖြင့် ပုံမှန် စည်းရုံးရေး လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ခြင်း မရှိသည့် အနေအထားသို့ ရောက်ရှိနေကြောင်း ပါတီ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ထို့ပြင် မဲဆန္ဒရှင် ပြည်သူ အများစုသည် ၄င်းတို့၏ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုအတွက် ပူပန်းစိုးရိမ်မှုကြီးစွာ ခံစားနေရသလို ရခိုင်ဒေသရှိ ပြည်သူများအနေဖြင့်လည်း ကပ်ရောဂါဘေးအပြင် ပြည်တွင်း စစ်ဒဏ်ကိုပါ ခံစားနေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အခြေအနေမျိုးတွင် မဲဆန္ဒရှင် ပြည်သူများ၏ စစ်မှန်သော သဘောထားကို စည်းရုံးရရှိရန် ခဲယဉ်းပြီး ရွေးကောက်ပွဲ ရလဒ်သည်လည်း စစ်မှန်ပြီး လွတ်လပ်တရားမျှတမှုကို ထင်ဟပ်မည့် အလားအလား နည်းပါးနိုင်ကြောင်း တစ်ဆက်တည်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတာဝန်ရှိသူများနှင့် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်ကာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲကို ဆီလျော်သင့်လျော်သည့် ကာလတစ်ခုအထိ ရွှေ့ဆိုင်း နောက်ဆုတ်သင့်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။

“ဘယ်လိုအချိန်မှာ ကျင်းပမယ်၊ ဘယ်အချိန်အထိ ရွှေ့မယ်ဆိုတာကတော့ တိုင်ပင်ပြီးတော့မှ ရွှေ့ကြတာ အကောင်းဆုံးပါ။ ရွေးကောက်ပွဲကော်မရှင် သဘောထား တစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ပါမယ်၊ နိုင်ငံတော် တာဝန်ရှိတဲ့သူတွေ ပါမယ်။ ရွေးကောက်ပွဲကော်မရှင် ပါမယ်။ အဲ့လိုမျိုး အကုန်လုံး ဆွေးနွေးတိုင်ပင်ပြီးတော့ ရွှေ့သင့်တဲ့ အချိန်ကို ရွှေ့ဖို့ပါ” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

အလားတူ ပြည်သူ့ပါတီ (PP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ကလည်း COVID-19 ကူးစက် ပျံ့ပွားမှု အခြေအနေများကြောင့် လာမည့် ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ပိုင်းအထိ ရွှေ့ဆိုင်းသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပြီးခဲ့သည့်ရက်ပိုင်းက အိတ်ဖွင်ပေးစာ အသီးသီး ပေးပို့ခဲ့ကြသည်။

လက်ရှိ ဒုတိယအကြိမ် လွှတ်တော်များကို ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်တွင် ခေါ်ယူခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းမတိုင်မီအထိ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်သည့် အနေအထားရှိကြောင်း နိုင်ငံရေးပါတီများနှင့် လေ့လာသူအချို့က မှတ်ချက်ပြုကြသည်။

COVID-19 ကူးစက် ပျံ့ပွားမှုသည် ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တွင်သာ အများအပြား တွေ့ရှိရခြင်းကြောင့်် လတ်တလောတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်မရှိဘဲ အကယ်၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုလျှင် အောက်တိုဘာတွင် အသိပေးပြောကြားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ ၂ ရက် နေပြည်တော် ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Most Read

Most Recent