တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်ကောင်းများအား စိတ်ကြိုက်ရွေးချယ်၍ ရွေးကောက်ပွဲတွင် မဲပေးရမည်ဖြစ်ပြီး မိမိရွေးချယ်သူသည် တိုင်းပြည်အတွက် အလုပ်မဖြစ်ပါက တိုင်းပြည်အတွက် ဆုံးရှုံးမှုဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဝေးလံခေါင်ဖျား လမ်းပန်းဆက်သွယ်မှု ခက်ခဲသော ဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရန်အတွက် ဆရာဝန်များ လိုအပ်လျက်ရှိသော ဆေးရုံများသို့ တပ်မတော်ဆရာဝန်များနှင့် ဆေးဝန်ထမ်းများ စေလွှတ်လျက်ရှိရာတွင် တာဝန်လဲလှယ်၍ ပြန်လည် ရောက်ရှိလာသည့် ဒုတိယမြောက်တပ်ဖွဲ့မှ တပ်မတော်သား ဆေးဝန်ထမ်းများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုသည့် အခမ်းအနား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“မကြာခင်မှာလည်း ရွေးကောက်ပွဲ ရှိတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မဲပေးဖို့ရှိတော့ လောလောဆယ်တော့ မင်းတို့ကို ငါ အပြောင်းအရွှေ့ မလုပ်သေးဘူးလို့ စဉ်းစားထားတယ်။ မင်းတို့ကို ငါတို့က နဂိုကတည်းက ပြောထားတယ်။ မင်းတို့ပြန်လာလို့ရှိရင် မင်းတို့ဆန္ဒရှိတဲ့ ဆေးရုံကို ပြောင်းပေးမယ်လို့ ပြောထားတာရှိတယ်။ ငါ ကတိတည်ပါတယ်။ သို့သော်လည်း လက်ရှိ မဲပေးပွဲ ရှိတဲ့အတွက်ကြောင့် ငါစစ်ရေးချုပ်တို့နဲ့ တိုင်ပင်ပြီးတော့မှ မင်းတို့ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်။ မဲပေးတာတော့ ထိခိုက်လို့မရဘူး။ မဲကတော့ ပေးရမယ်။ အသည်းကြားက မဲတစ်ပြား ဆိုတဲ့အတိုင်းပဲ မဲပေးဖို့တော့ လိုတယ်။ မဲပေးတယ်ဆိုတာလည်း ကိုယ့်ရဲ့တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးမယ့် ကိုယ်စားလှယ်ကောင်းတွေကို မင်းတို့ရွေးရမယ်။ မင်းတို့စိတ်ကြိုက် ရွေးရမယ်။ ကိုယ်ရွေးတဲ့လူက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိဖို့လိုတယ်။ ကိုယ်ရွေးတဲ့လူတွေက ကိုယ်ကမသိဘဲနဲ့ လေသံဖမ်း တရားနာပြီးတော့ ပေးထည့်လိုက်လို့ ဒီလူက ကိုယ့်တိုင်းပြည်အတွက် အလုပ်မဖြစ်ဘူးဆိုရင် တိုင်းပြည်အတွက် ဆုံးရှုံးမှုပဲ”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
၂၀၁၁ ခုနှစ်မှစတင်၍ အစိုးရ နှစ်ရပ် တာဝန်ယူခဲ့ပြီးဖြစ်ပြီး လေ့လာကြည့်မည်ဆိုပါက တွေ့ရမည် ဖြစ်ကြောင်း၊ ယင်းအပေါ်တွင် ချိန်ထိုး၍ လူကောင်းများရရန် မဲပေးကြဖို့ ဆန္ဒပြုလိုကြောင်း ၎င်းက ဆိုသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မင်းတို့မှာ သူများထက်ပိုပြီးတော့မှ IQ ၊ EQ ပိုပြီးတော့ မြင့်တဲ့လူတွေ ဖြစ်တယ်။ ရောက်တဲ့ဒေသတွေမှာလည်း ပြောပြပါ။ နားလည်အောင် ပြောပြပါ။ နိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့အချိန်တုန်းက ငါရဲ့အမြင်လေး ပြောပြတာပေါ့။ ဘယ်လိုမျိုး ဖြစ်သင့်လဲဆိုတာလေး ပြောပြခဲ့တယ်။ အချက် ခြောက်ချက် ပြောခဲ့တာရှိတယ်။ ဒီလိုလည်း ပြည့်စုံတယ်လို့တော့ ဟုတ်မှာလည်း မဟုတ်ပါဘူး။ အားလုံးတော့ မပြည့်စုံဘူး။ သို့သော်လည်း အဲဒီထဲကနေ အကောင်းတကာ့ အကောင်းဆုံးလူ ရနိုင်ရင်တော့ အကျိုးရှိတာပေါ့။ ဒီ ၁၀ နှစ်တာ ကာလအတွင်းမှာ တို့ဘယ်လို ဖြတ်သန်းခဲ့သလဲ။ အဲဒီတော့ နောင်လာမယ့် ၂၀၂၀ အလွန် ကာလ၊ တတိယ သက်တမ်းကာလမှာ ဒီထက် ပိုကောင်းအောင်၊ ဒီထက် ပိုကောင်းအောင် လုပ်နိုင်မယ့်လူတွေ၊ ထမ်းဆောင်နိုင်မယ့်လူတွေ ရွေးနိုင်ဖို့ကတော့ မင်းတို့၊ ငါတို့ မဲပေးမယ့်လူတွေရဲ့ တာဝန်ပဲ။ ဒါကြောင့် မင်းတို့ ဒါလေးတွေလည်း ကိုယ့်တပ်တွေ ရောက်တဲ့အချိန်မှာ ကိုယ်နဲ့ ထိတွေ့ရတဲ့ လူတွေနဲ့ ပြောဆိုတဲ့အခါမှာ တိုက်တွန်း မှာကြားပေးဖို့လည်း ထည့်သွင်းပြောလိုပါတယ်” ဟု ပြောကြားသည်။















