ယူရိုပါလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်ခဲ့ပါက ဥက္ကဋ္ဌနှင့် မပြေလည်သည့် ကွန်တီ ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိဟု အီတလီမီဒီယာများ ဖော်ပြ

ယူရိုပါလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်ခဲ့ပါက ဥက္ကဋ္ဌနှင့် မပြေလည်သည့် ကွန်တီ ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိဟု အီတလီမီဒီယာများ ဖော်ပြ
Photos : Inter
Photos : Inter
Published 20 August 2020

အသင်းဥက္ကဋ္ဌဖြစ်သူ စတီဗင်ကျန်းနှင့် မပြေလည်သည့် အင်တာမီလန်နည်းပြ ကွန်တီသည် ယူရိုပါလိဂ်ချန်ပီယံဆုကို မရယူပေးနိုင်ပါက ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။  

ကွန်တီသည် စတီဗင်ကျန်းအား လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပြီး ယင်းလုပ်ရပ်ကြောင့် ရလဒ်ကောင်းများ ရယူပေးနေလင့်ကစား ၎င်း၏ အနာဂတ်မှာ တည်ငြိမ်ခြင်းမရှိချေ။

စတီဗင်ကျန်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်မှစ၍ ဂျာမနီနိုင်ငံသို့ လာရောက်ကြည့်ရှုလျက်ရှိပြီး ကွန်တီသည် ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန်  ကြိုးစားနေကြောင်း သိရသည်။

သို့ရာတွင် ကွန်တီ၏ အ နာဂတ်မှာ ယူရိုပါလိဂ်ချန်ပီယံဖြစ်၊ မဖြစ်ပေါ်တွင် မူတည်နေပြီး ကွန်တီအနေဖြင့် ပိုင်ရှင်ဖြစ်သူများကို လူသိရှင်ကြားဝေဖန်မှု ထပ်မံမပြုလုပ်တော့ဟု ကတိပေးရဖွယ်လည်း ရှိနေသည်။

Gazetta dello Sport ၏ ဖော်ပြချက်အရ ကွန်တီနှင့် ကျန်းတို့သည် ပြုံးရွှင်စွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသော်လည်း အနာဂတ်နှင့်ပတ်သက်သည့် မည်သည့်စကားမျှ ဆွေးနွေးရခြင်းမရှိသေးကြောင်း သိရသည်။

ကွန်တီသည် အသင်းဥက္ကဋ္ဌ စတီဗင်ကျန်းအား Sky Sports Italia ရုပ်သံမှတစ်ဆင့် ပြင်းထန်စွာ ဝေဖန်ခဲ့ဖူးသည်။

ကွန်တီက ''ဒီနှစ်က ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်အတွက် အရမ်းအရမ်းခက်ခဲတဲ့နှစ်ပါ။ ကျွန်တော့်ကစားသမားတွေက လုံလောက်တဲ့အသိအမှတ်ပြုမှု မရသလို၊ ကျွန်တော်ကိုယ်တိုင်လည်း မရပါဘူး။ အသင်းက ကျွန်တော်တို့ အပေါ်မှာ အလွန်နည်းတဲ့ကာကွယ်မှုပဲ ပေးခဲ့ပါတယ်။ အသင်းက တိုးတက်ဖို့လိုအပ်ပြီး ကျွန်တော်ဆိုလိုတဲ့အထဲမှာ ကွင်းပြင်ပကိစ္စတွေလည်း ပါပါတယ်။ အသင်းကြီးတစ်သင်းအနေနဲ့ သူတို့ကစားသမားတွေကို အခုထက်ပိုပြီး အကာ အကွယ်ပေးသင့်ပါတယ်။ ကျွန်တော်တို့ ရာသီကုန်မှာ ဒီကိစ္စတွေအကြောင်း ဆွေးနွေးပါမယ်။ ကျွန်တော် ဥက္ကဋ္ဌနဲ့ တိုက်ရိုက်စကားပြောမှာပါ။ သူက အခု တရုတ်မှာ ရှိနေပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အသင်းပိုင်ရှင်များက ကွန်တီအတွက် လစာငွေများစွာ ပေးချေထားသလို ကစားသမားအသုံးစရိတ်ကိုလည်း လုံလောက်စွာ ထုတ်ပေးထားသည်ဟု ယူဆနေပြီး ကွန်တီ၏စကားမှာ ၎င်းတိုု့အား စော်ကားခြင်းဖြစ်သည်ဟု မှတ်ယူနေသည်။

လက်ရှိတွင်မူ ကွန်တီသည် ကျန်းနှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးစားနေပြီး ''ကျန်းတစ်ယောက် ဂျာမနီအထိ လာအားပေးလို့ ကျွန်တော် ပျော်ရပါတယ်''ဟု ရှက်တာဒိုးနက်နှင့် ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent