အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ ဝင်ငွေခွန်ကင်းလွတ်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ယင်းအဖွဲ့အစည်းများသို့ ရန်ပုံငွေထည့်ဝင်လှူဒါန်းသူများကို ဥပဒေနှင့်အညီ စရိတ်အဖြစ်နုတ်ပယ် ခွင့်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ သတ်မှတ်

အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ ဝင်ငွေခွန်ကင်းလွတ်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ယင်းအဖွဲ့အစည်းများသို့ ရန်ပုံငွေထည့်ဝင်လှူဒါန်းသူများကို ဥပဒေနှင့်အညီ စရိတ်အဖြစ်နုတ်ပယ် ခွင့်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ သတ်မှတ်
Published 30 July 2020

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများသည် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ပါဝင်လျက်ရှိသဖြင့် ယင်းအဖွဲ့အစည်းများ၏ ဝင်ငွေခွန်ကင်းလွတ်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ယင်းအဖွဲ့အစည်းများသို့ ရန်ပုံငွေထည့်ဝင်လှူဒါန်းရာတွင် ထည့်ဝင်လှူဒါန်းသူများကို ဝင်ငွေခွန်ဥပဒေနှင့်အညီ စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုနိုင်ရန် အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၀ ဖြင့်  အသိပေးကြေညာထားသည်။

အဆိုပါလုပ်ထုံးလုပ်နည်းများကို အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအား အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများဟု ခေါ်တွင်ရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။

အကျိုးအမြတ်မယူသော အဖွဲ့အစည်းဆိုသည်မှာ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေး စသည့်အများပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့အစည်း၊ အစိုးမဟုတ်သောအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊ ပုဂ္ဂလိကဖောင်ဒေးရှင်း၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းနှင့် အလားတူအဖွဲ့အစည်းများကို ဆိုလိုခြင်းဖြစ်သည်။

အကျိုးအမြတ်မယူသော အဖွဲ့အစည်းသည် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် အခွန်ဆိုင်ရာကိစ္စရပ်များနှင့် သတင်းအချက်အလက်များ ပေးပို့နိုင်ရေးအတွက် အခွန်ထမ်း မှတ်ပုံတင်အမှတ်ကို ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့်ရုံးတွင် သတ်မှတ်ထားသည့်ပုံစံဖြင့် လျှောက်ထားရမည်ဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့်ရုံးသည် အဆိုပါလျှောက်ထားချက်ကို စိစစ်ပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို သတ်မှတ်ပေးရမည်ဖြစ်သည်။

အကျိုးအမြတ်မယူသော အဖွဲ့အစည်းသည် ဝင်ငွွေခွန်ဆိုင်ရာကင်းလွတ်ခွင့်များ၊ ထည့်ဝင်လှူဒါန်းသူများ၏ စရိတ်နုတ်ပယ်ခွင့်ဆိုင်ရာ ကိစ္စရပ်များအတွက် အသိအမှတ်ပြုသည့် အဖွဲ့အစည်းအဖြစ် လျှောက်ထားလိုပါက ညွှန်ကြးရေးမှူးချုပ်က သတ်မှတ်သည့်ရုံးတွင် သတ်မှတ်ထားသည့်ပုံစံများဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ်သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းကို အသိအမှတ်ပြုသည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်နိုင်ရန် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရမည့်သတ်မှတ်ချက်များမှာ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေး စသည့်အများပြည်သူအကျိုးအတွက် ထောက်ပံ့ပေးကမ်းရန်သက်သက်ကိုသာ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပြီး ယင်းရည်ရွယ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေအနေ ဖော်ပြချက်၊ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းများတွင် အထက်ပါရည်ရွယ်ချက်နှင့်အညီ ဖော်ပြထားခြင်း၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းကို စာရင်းရှင်းလင်းဖျက်သိမ်းပြီးနောက် ကျန်ရှိသည့်အဖွဲ့အစည်းပိုင်ငွေ၊ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများကို အထက်ပါကိစ္စရပ်များအတွက်သာ အသုံးပြုရန်သတ်မှတ်ထားခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသည့် အသိအမှတ်ပြုသည့်အဖွဲ့အစည်းများ၏ အမည်စာရင်းကို အခါအားလျော်စွာ ကြေညာရမည်ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် အသိအမှတ်ပြုသည့်အဖွဲ့အစည်းများက ရရှိသည့်ဝင်ငွေကို ဘာသာရေးသို့မဟုတ် ကုသိုလ်ရေးအတွက်သာ အသုံးပြုကြောင်း စိစစ်တွေ့ရှိရလျှင် ဝင်ငွေခွန်ဥပဒေနှင့်အညီ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုရမည်၊ အသိအမှတ်ပြုသည့် အဖွဲ့အစည်းများအား ရန်ပုံငွေထည့်ဝင်လှူဒါန်းသူများသည် ပြည်တွင်းအခွန်များဦးစီးဌာ၏ သတ်မှတ်ချက်များနှင့်အညီ စရိတ်နုတ်ပယ်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent