ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအသစ် ရွေးချယ်ထားသည့်အတွက် ဒေသခံ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) သို့ လာရောက်တွေ့ဆုံ

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအသစ် ရွေးချယ်ထားသည့်အတွက် ဒေသခံ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) သို့ လာရောက်တွေ့ဆုံ
နေပြည်တော်ရှိ NLD ပါတီရုံးချုပ်သို့ လာရောက် တိုင်ကြားနေသည့် ရပ်စောက်ဒေသခံ ပါတီဝင်များကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်
နေပြည်တော်ရှိ NLD ပါတီရုံးချုပ်သို့ လာရောက် တိုင်ကြားနေသည့် ရပ်စောက်ဒေသခံ ပါတီဝင်များကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်
Published 28 July 2020
နေရိုင်း၊  ဇေယျာထွန်း

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း အသစ်ရွေးချယ်ထားသည့်အတွက် ဒေသခံ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ)သို့ ဇူလိုင် ၂၇ ရက်က လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ အောက်ခြေမှ ရပ်မိ၊ ရပ်ဖများနှင့် အလုပ်အမှုဆောင်အဖွဲ့များမှ ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မဟုတ်ဘဲ လူသစ်ဖြစ်နေသည့်အတွက် ယင်းကဲ့သို့ လာရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း ရပ်စောက်မြို့ NLD အလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ဦးခွန်မောင်စိုးက ပြောကြားသည်။

၎င်းက “ကျွန်တော်တို့ အောက်ခြေမှာက ပြောမယ်ဆိုရင် ရပ်မိ၊ ရပ်ဖ၊ ကိုယ်စားလှယ် ငါးဦး။ ကျွန်တော်တို့ အလုပ်အမှုဆောင်တွေက သင့်တော်မယ်ထင်ပြီး ရွေးချယ်ပေးလိုက်တယ်။ ဗဟိုရောက်တယ်။ သို့ပေမယ့် မြို့နယ် ရွေးချယ်တဲ့အတိုင်း မဟုတ်ဘူး။ မြို့နယ်မှာ ကျွန်တော်တို့ ရည်မှန်းထားတာက အခု ၂၀၂၀ မှာ NLD ပါတီ နိုင်မှသာလျှင် အာဏာရှင် လက်အောက်က လွတ်မယ်လို့ ရည်မှန်းထားတယ်။ သို့စေကာမူလည်းပဲ အုပ်စုဖွဲ့ပြီး သူ့လူ ထိုးထည့်။ ငါလူ ထိုးထည့်။ မအောင်မရှိ ငါ့တပည့်ပုံစံမျိုးနဲ့ ဖြစ်နေတော့ အခုကျွန်တော်တို့ ဘာဖြစ်သလဲဆိုတော့ အခုဒီရောက်လာတယ်။နိုင်စေချင်လို့ ဒီကိုလာတာ။ အောင်စေချင်လို့ လာတာ” ဟု ပြောကြားသည်။

ရပ်စောက်ဒေသခံများအနေဖြင့် ယခင် လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ကိုင် ဆောင်ရွက်မှုများအား အားရကျေနပ်မှုများရှိပြီး အသစ်ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူများ သိရှိခြင်း မရှိသည့်အတွက် ဒေသခံများအနေဖြင့် ရွေးချယ်ရန် အခက်အခဲ ဖြစ်နေကြောင်း ဦးခွန်မောင်စိုးက ဆိုသည်။

“ အရင်လုပ်ခဲ့၊ ကိုင်ခဲ့တဲ့ကိစ္စတွေ။ လွှတ်တော် ကိုယ်စားလှယ်တွေမှာ လက်စလက်နတွေ ရှိတယ်။ ပြည်သူအားကိုးတယ်။ တကယ်လည်း ပြည်သူ အယုံအကြည်ရှိတယ်။ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်။ ဒီပုဂ္ဂိုလ်တွေကို ဖယ်ထားပြီးတော့ နာမည်မကြားဖူး။ အရပ်ဒေသ မရောက်ဖူး။ နောက်ပြည်သူတွေ မသိတဲ့ ပုဂ္ဂိုလ်က ကိုယ်စားလှယ်လောင်းအသစ်ဆိုတော့ ပြည်သူတွေက ဘယ်သူ့ရွေးမလဲ ဆိုတာကို ဖြစ်လာပြီပေါ့။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ အများကြီးရှိတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအသစ် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် ပြည်သူအားထား ယုံကြည်ရသည့် ပုဂ္ဂိုလ်ကိုသာလိုချင်ပြီး ၎င်းတို့အနေဖြင့် ပါတီနှင့်လူကို ယုံကြည်မှုရှိသော်လည်း လူသစ်နှင့် ဆက်ဆံရာ၌ ခက်ခဲမှုများဖြစ်နိုင်ကြောင်း ဦးခွန်မောင်စိုးက သုံးသပ်ပြောကြားသည်။

၎င်းက “ နောက်လူက ခုမှ အသစ်ဆက်ဆံရတယ်ဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ ရိုးသားတယ်။ လုပ်ထားကိုင်ထားတဲ့ ကိစ္စတွေမှာ ယုံကြည်ပြီဆိုရင် အိတ်သွန်ခုံမှောက်ပဲ။ ယုံကြည်လို့မရဘူး ဆိုရင် တာ့တာပဲ။ အဲဒီလို တာ့တာဖြစ်မှာဆိုးလို့ ဒီလာတာ။ဘာဖြစ်လို့ ရပ်မိရပ်ဖ ရွေးနေသေးတုန်း။ အောက်ခြေမှာ ကျွန်တော်တို့ အလုပ်အမှုဆောင်တွေ ဘာလို့ ရွေးချယ်သေးလဲ။ ရွေးချယ်ခံချင်တဲ့ ပုဂ္ဂိုလ်တွေ တင်လိုက်။ ဗဟိုက ရွေးမယ်ဆိုရင် ပြီးသွားတဲ့ကိစ္စ။ အခုဟာ ကျွန်တော်တို့ အလုပ်တွေအများကြီး ပျက်တယ်ဗျာ။ ရပ်မိ၊ ရပ်ဖတွေ အလုပ်ပျက်တယ်ဗျာ။ အလုပ်ပျက်ပြီးတော့ လူမှန် နေရာမှန် မဟုတ်ဘူးဗျာ” ဟု ပြောကြားသည်။

NLD ပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏စာရင်း ထုတ်ပြန်ပြီးနောက် နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ်(ရုံးခွဲ) သို့ ဒေသအသီးသီးမှ ပါတီနှင့် သက်ဆိုင်သူများက လာရောက်ကန့်ကွက်ခြင်းများ ရှိနေကြောင်း သိရသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းအား ဗဟိုက ဆုံးဖြတ်ထားမှုသည် အတည်ဖြစ်သော်လည်း မမျှော်လင့်နိုင်သည့်အရာ ဖြစ်လာနိုင်သည့်အတွက် အဆိုပါ ကိစ္စများ ကိုင်တွယ်နိုင်ရန် ဗဟိုက တာဝန်ရှိသူများ နေပြည်တော်ရှိ  NLD ပါတီ ယာယီဌာနချုပ်(ရုံးခွဲ) ၌ ရုံးထိုင်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဌ(၂) ဒေါက်တာ ဇော်မြင့်မောင်က ဇူလိုင် ၂၃ ရက်က ပြောကြားထားသည်။

Most Read

Most Recent