၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်ပကြွေးမြီအခြေအနေကို ကြည့်ပါက စက်မှုဝန်ကြီးဌာနသည် ချေးယူမှုနှင့်ကြွေးကျန်တွင် ဒုတိယအများဆုံးဖြစ်ပြီး ချေးငွေရယူ၍ ရင်းနှီးမြှုပ်နှံခြင်းမှ နိုင်ငံတော်အနေဖြင့် အပြည့်အဝအကျိုးခံစားရမှုမရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောကြားသည်။
ဇူလိုင် ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၁၀/၂၀၂၀)ကို လွှတ်တော်၌ ဖတ်ကြားတင်ပြရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒီဇယားမှာပါရှိတဲ့ စီမံကိန်းနဲ့ ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဒုတိယအများဆုံး ဖြစ်ပေမဲ့လည်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား ချေးယူဆောင်ရွက်ပေးရခြင်းသာ အများစုဖြစ်ပါတယ်။ ယခင် စက်မှုဝန်ကြီးဌာနအနေနဲ့ ကြည့်မယ်ဆိုရင် ချေးယူမှုဟာ ဒုတိယအများဆုံးနဲ့ ကြွေးကျန်မှာလည်း ဒုတိယအများဆုံးဆိုတာကို တွေ့ရှိရပါတယ်။ ဒီကြွေးမြီတွေဟာ ၈၈ မတိုင်မီရယ်၊ ၈၈-၈၉ နဲ့ ၂၀၀၀၊ ၂၀၁၀၊ ၂၀၁၁ ကာလအတွင်းမှာ အများဆုံးချေးယူခဲ့တဲ့ ချေးငွေတွေပဲဖြစ်ပါတယ်။ ဒီချေးငွေတွေရဲ့ ပမာဏနဲ့ သုံးစွဲထားတဲ့ပမာဏနဲ့ ဒီနေ့နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံတွေရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စက်မှုကဏ္ဍအတွက် ချေးငွေရယူပြီးတော့ ရင်းနှီးမြှုပ်နှံခြင်းကနေပြီး နိုင်ငံတော်အနေနဲ့ အပြည့်အဝအကျိုးခံစားရမှု မရှိဘူးလို့ ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။
ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအလိုက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်ပကြွေးမြီ အခြေအနေတွင် ယခင် စက်မှုဝန်ကြီးဌာနသည် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၉၉ ဒသမ ၃၉ သန်း၊ ထုတ်ယူသုံးစွဲငွေ အမေရိကန်ဒေါ်လာ ၁၄၅၅ ဒသမ ၆၃၃ သန်း၊ ပေးဆပ်ပြီးငွေ အမေရိကန်ဒေါ်လာ၂၇၇ ဒသမ ၂၃၂ သန်း၊ ပေးဆပ်ရန်ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၁၇၈ ဒသမ ၄၀၁ သန်းဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
ဦးအောင်မင်းက “ ဒီအချက်ဟာ ကျွန်တော်တို့ လက်ရှိချေးငွေ စီမံကိန်းများအနေနဲ့ ချေးငွေတွေကို သုံးစွဲတဲ့နေရာမှာ နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိအောင် သုံးစွဲဖို့ အထူးအရေးအကြီးကြောင်း သင်ခန်းစာ ရယူရမယ့်အချက်ပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်း အချက်အလက်နဲ့ သမိုင်းဟာ ဖျောက်ဖျက်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် သမိုင်းကြွေးမတင်ရစ်စေဖို့ လက်ရှိကြွေးမြီတွေနဲ့ ပတ်သက်ပြီးတော့ အထိရောက်ဆုံး စီမံခန့်ခွဲသုံးစွဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုခြင်းပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ချုပ်ဆိုထားသည့် ချေးငွေစာချုပ်များ၏ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အခြေအနေတွင် တရုတ်နိုင်ငံက ချေးငွေကို အများဆုံး ထုတ်ယူသုံးစွဲခဲ့ပြီး ပေးဆပ်ရန် ကျန်ငွေတွင်လည်း အများဆုံးဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ပြီး ဂျပန်နိုင်ငံသည် စာချုပ်ချုပ်ဆိုမှုတွင် အများဆုံးဖြစ်သော်လည်း ထုတ်ယူသုံးစွဲမှုတွင် ဒုတိယအများဆုံးနှင့် ပေးဆပ်ပြီးငွေတွင် အနည်းဆုံးဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒါဟာ ဘာကြောင့်လဲဆိုရင် ဂျပန်နိုင်ငံရဲ့ ချေးငွေတွေကို ကြွေးလျော်ခွင့်ရရှိပြီးတဲ့နောက်မှာ ကြွေးမြီအသစ်အဖြစ်၊ ချေးငွေအသစ်အဖြစ် ပြန်လည်သတ်မှတ်ပြီးတော့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။
ကာလအပိုင်းအခြားအလိုက် ရယူခဲ့သည့် ပြည်ပကြွေးမြီ အခြေအနေတွင် ၁၉၈၈ ခုနှစ်မတိုင်မီကာတွင် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄၆၆ ဒသမ ၈၀၈ သန်း၊ ထုတ်ယူသုံးစွဲငွေ အမေရိကန်ဒေါ်လာ ၅၂၆၂ ဒသမ ၇၈၉ သန်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အရင်းပေးဆပ်ငွေ အမေရိကန်ဒေါ်လာ ၁၀၁၃ ဒသမ ၀၇၈ သန်းနှင့် ပေးဆပ်ရန်ကျန်ငွေ အမေရိကန်ဒေါ်လာ ၄၂၄၉ ဒသမ ၇၀၁ သန်းဖြစ်ကြောင်း၊ ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ကာလတွင် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၁၈ ဒသမ ၆၀၈ သန်း၊ ထုတ်ယူသုံးစွဲငွေ အမေရိကန်ဒေါ်လာ ၃၄၀၄ ဒသမ ၂၇၉ သန်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အရင်းပေးဆပ်ငွေ အမေရိကန်ဒေါ်လာ ၁၂၇၇ ဒသမ ၈၉၇ သန်းနှင့် ပေးဆပ်ရန်ကျန်ငွေ အမေရိကန်ဒေါ်လာ ၂၁၂၆ ဒသမ ၃၈၂ သန်းဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။










