နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိ ရန်ကုန်ဆိပ်ကမ်း၏ ရန်ကုန်ဧရိယာနှင့် သီလဝါ ဧရိယာတို့တွင် လေးနှစ်တာအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားကိုးစင်း တည်ဆောက်ပြီးစီးခဲ့ပြီး ဆိပ်ခံတံတား ၄၂ စင်းအထိ ရှိလာကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
မြန်မာ့ပင်လယ် ကမ်းရိုးတန်းအလျား ၁၃၈၅ မိုင်ရှိရာ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်းပေါင်း ကိုးခုရှိပြီး ဆိပ်ကမ်းများ အားလုံးတွင် ရန်ကုန်ဆိပ်ကမ်းသည် အဓိကဆိပ်ကမ်းကြီး တစ်ခုဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်မှာ ရန်ကုန်ဆိပ်ကမ်းများမှ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းပြင် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ယခင်နှစ်များက ရန်ကုန်ဆိပ်ကမ်းအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၃၃ စင်းရှိပြီး လေးနှစ်တာ ကာလအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားကိုးစင်း တည်ဆောက်ပြီးစီးခဲ့သဖြင့် ဆိပ်ခံတံတား ၄၂ စင်းအထိ ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်း၌ လေးနှစ်တာအတွင်း ကုန်သေတ္တာအလုံးရေ ငါးသန်းကျော်နှင့် ကုန်တန်ချိန် သန်းပေါင်း ၇၄ သန်းကျော် ကိုင်တွယ်နိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“အစိုးရသက်တမ်း လေးနှစ်တာအတွင်း အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားကိုးစင်း အသစ်တည်ဆောက်ပြီးခဲ့လို့ ဆိပ်ခံတံတား ၄၂ စင်းအထိ ရှိလာပြီး ကုန်သေတ္တာပေါင်း ငါးသန်းကျော်နဲ့ ကုန်တန်ချိန် ၇၄ သန်းကျော်ကို ကိုင်တွယ် ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူက ပြောကြားသည်။
သီလဝါဆိပ်ကမ်းဒေသ အပါအဝင် ရန်ကုန်ဆိပ်ကမ်းများ၏ ၄၁ စင်းမြောက် ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ကုန်သိုလှောင်ရုံဖြစ်သည့် International Bulk Terminal Thilawa (IBTT) အား ပြီးခဲ့သည့် စက်တင်ဘာလက ဖွင့်လှစ်၍ ဆိပ်ကမ်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ သီလဝါဆိပ်ကမ်း၏ ၄၂ စင်းမြောက်ဖြစ်သည့် Denko ဆိပ်ခံတံတားမှာ ၂၀၁၉ ခုနှစ်အတွင်း တည်ဆောက် ပြီးစီးခဲ့ပြီး ၂၀၂ဝပြည့်နှစ်အတွင်း ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။
သီလဝါဆိပ်ကမ်းရှိ ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ကုန်သိုလှောင်ရုံဖြစ်သည့် International Bulk Terminal Thilawa (IBTT) ၌ မီတာ ၂၀၀ နှင့် DWT တန် ၆၀၀၀၀ ခန့်ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်ရန် ဆိပ်ခံတံတားအား ဆောက်လုပ်ထားကြောင်း သိရသည်။
IBTT ဆိပ်ကမ်းသို့ သင်္ဘောများ စတင်ဝင်ရောက် ဆိုက်ကပ်သည့် နေ့မှစ၍ ငါးရက်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ကြောင်း၊ အနာဂတ်တွင်လည်း ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရန် IBTT ၏ အနောက်ဘက်တွင် မြေ ၄၂ ဧက ကျန်ရှိသည်။
International Bulk Terminal Thilawa (IBTT) သည် ရင်းနှီးမြုပ်နှံမှု ပမာဏ ဒေါ်လာ ၃၈ ဒသမ ၈၆ သန်း အပါအဝင် ဒေါ်လာ ၆၅ ဒသမ ၄၄ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် မီတာ ၂၃၀ ဆိပ်ခံတံတားနှင့် နောက်ခံမြေတွင် ဂျုံနှင့် ကောက်ပဲသီးနှံ သိုလှောင်နိုင်သည့် စုစုပေါင်း မက်ထရစ်တန် ၆၆၀၀ ဆံ့ သိုလှောင်ကန် ၁၃ လုံး၊ စုစုပေါင်း ကြမ်းခင်ဧရိယာ ၅၄၀၀ စတုရန်းမီတာရှိ သိုလှောင်ရုံတစ်လုံးတို့အား MIC သတ်မှတ်ထားသည့် တည်ဆောက်ရေးကာလ နှစ်နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။










