COVID-19 Economic Relief ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၀) ကြိုတင်ခွင့်ပြုချက်အရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ်ဘီလျံ ၁၀၀ အား မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ချေးငွေသက်တမ်းသုံးနှစ်ရှိ စီးပွားရေးချေးငွေကို အပေါင်ပစ္စည်းပေးနိုင်ပါက တစ်နှစ်လျှင် ကိုးရာခိုင်နှုန်းနှင့်အပေါင်ပစ္စည်းမပေးနိုင်ပါက တစ်နှစ်လျှင်အတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ထုတ်ချေးမည်ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက ဇူလိုင် ၂၃ ရက်ကသတင်းထုတ်ပြန် လိုက်သည်။
မြန်မာ့စီးပွားရေးဘဏ်မှ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ထုတ်ချေးမည့် ချေးငွေသတ်မှတ်ချက်များမှာ အပေါင်ပစ္စည်းပေးနိုင်ပါက ချေးငွေအမျိုးအစားအနေဖြင့် နှစ်တိုချေးငွေ (သုံးနှစ်)၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ကိုးရာခိုင်နှုန်းထက်မများသော အတိုးနှုန်း၊ ဆိုင်းငံ့ကာလတစ်နှစ်၊ အတိုးပေးသွင်းမှုမှာ သုံးလတစ်ကြိမ်၊ ပြန်ဆပ်ကာလမှာ ကျန်နှစ်နှစ်အတွင်း လေးကြိမ်ခွဲ၍ အပြည့်အဝ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ဖြေလျှော့ချက်အနေဖြင့် သက်ဆိုင်ရာအသေးစားငွေရေးကြေးရေး အဖွဲ့အစည်းက ချေးငွေသက်တမ်းတိုးဆောင်ရွက်လိုပါက ချေးငွေထုတ်ချေးရေး ဦးဆောင်ကော်မတီသို့ တင်ပြ၍ခွင့်ပြုချက်ရရှိပါက သက်တမ်းတိုးဆောင်ရွက်နိုင်သည်။
အပေါင်ပစ္စည်းမပေးနိုင်ပါက အတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်းထက်မများသော အတိုးနှုန်းဖြင့် ဆိုင်းငံ့ကာလ တစ်နှစ်၊ အတိုးပေးသွင်းမှုမှာ သုံးလတစ်ကြိမ်၊ ပြန်ဆပ်ကာလမှာ ကျန်နှစ်နှစ်အတွင်း တစ်နှစ်လျှင်နှစ်ကြိမ်ဖြင့် လေးကြိမ်အတွင်း အပြည့်အဝပေးဆပ်ရမည်ဖြစ်သည်။
ချေးငွေရယူမည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ပြည့်စုံရမည့်စံနှုန်းများမှာ အသေးစားငွေရေးကြေး ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်ရမည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ပြီးဖြစ်ရမည်၊ နိုင်ငံတော်သို့ ပေးဆပ်ရန်ရှိသည့် အခွန်အခများ ပေးဆောင်ပြီးဖြစ်ရမည်၊ ချေးငွေအား သတ်မှတ်ချက်နှင့်အညီ ပြန်လည်ပေးဆပ်ရန်ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့မှ အာမခံပါရှိရမည်ဖြစ်သည်။
ချေးငွေလျှောက်လွှာ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းလိုင်စင်ခွင့်ပြုချက်၊ ၂၀၂၀ ပြည့်နှစ် ဧပြီလရှိ စုစုပေါင်းထည့်ဝင်ပြီးမတည်ငွေရင်း ( ) ကျပ်သန်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီလရှိ ထုတ်ချေးငွေလက်ကျန်စုစုပေါင်း( ) ကျပ်သန်း၊ ပြည်တွင်း/ ပြည်ပ ချေးငွေရယူထားသော ချေးငွေလက်ကျန်ပမာဏ၊ နိုင်ငံခြားငွေ() သန်း၊ ကျပ်( )သန်း- နောက်ဆက်တွဲဖြင့် ဖော်ပြရန်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်နောက်ဆုံးစစ်ဆေးခဲ့သည့် စစ်ဆေးချက်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ (လက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ် ရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း(Cash Flow Statement)၊ ချေးငွေရယူရန် BOD အဖွဲ့၏ သဘောတူဆုံးဖြတ်ချက်မှတ်တမ်း၊ မိခင်ကုမ္ပဏီရှိပါက မိခင်ကုမ္ပဏီ၏ သဘောတူခွင့်ပြုချက် အထောက်အထား၊ ရယူလိုသည့် ချေးငွေပမာဏ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ဆောင်ရွက်မည့်အစီအစဉ်၊ လုပ်ငန်းဆောင်ရွက်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ တင်သွင်းနိုင်သည့် အပေါင်ပစ္စည်းအမျိုးအစားများတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ (မြေနှင့် အဆောက်အဦ)၊ ပုံစံ ၇၊ လန(၃၉)၊ လယ( ၃၀ က)နှင့် (၁) အရ အခြားနည်းဖြင့် သုံးစွဲခွင့်ရသော မြေငှားလိုင်စင်/ ဂရန် / ဘိုးဘွားမြေ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများတွင် စက်၊ယာဉ်၊ယန္တရား)၊ နိုင်ငံခြားငွေ စသည်တို့ကို ပြည့်စုံစွာဖော်ပြ၍ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းမှတစ်ဆင့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန(ရုံးချုပ်)သို့ လျှောက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ကူညီရေးအသင်းအနေဖြင့် ချေးငွေရယူလိုသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှ တင်ပြလာသော ချေးငွေလျှောက်ထားမှုများကို စုစည်း၍ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ပေးပို့တင်ပြရမည်၊ ချေးငွေရယူသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများက ၎င်းတို့ချေးယူထားငွေများအား သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရေးအတွက် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ၊ချေးငွေပေးဆပ်မှုနောက် ကျ/ပျက်ကွက်သည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများအား တရားမကျင့်ထုံးဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို ကူညီဆောင်ရွက်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။










