၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၈၇၁ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း လေးနှစ်နှင့် သုံးလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၂၄၇ ဘီလျံဝန်းကျင်ရှိလာ

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၈၇၁ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း လေးနှစ်နှင့် သုံးလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၂၄၇ ဘီလျံဝန်းကျင်ရှိလာ
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 23 July 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၈၇၁ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၇၃၁ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၂၀၈၇၁၇၈၅ ဒသမ ၉၄၉ သန်း (ကျပ် ၂၀၈၇၁ ဘီလျံကျော်) ရှိ ခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် ကျပ် ၄၇၁၄ ဒသမ ၈၅၈ ဘီလျံ (လုပ်ငန်း ၉၃ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၃၉၀၀ ဒသမ ၇၉၆ဘီလျံ (လုပ်ငန်း ၉၃၀)၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ကျပ် ၃၀၁၃ ဒသမ ၈၀၁ ဘီလျံ (လုပ်ငန်း ၅၂ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ကျပ် ၂၂၀၈ ဒသမ ၃၀၉ ဘီလျံ (လုပ်ငန်း ၁၉၄ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၃၂ ဒသမ ၄၇၀ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၉၉ ဒသမ ၈၂၈ ဘီလျံ (လုပ်ငန်း ၁၂ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၈၃၃ ဒသမ ၀၈၆ ဘီလျံ (လုပ်ငန်း ၂၄ ခု)၊ မွေမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍတွင် ကျပ် ၃၇၀ ဒသမ ၂၅၉ ဘီလျံ (လုပ်ငန်း ၉၁ ခု)၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ကျပ် ၂၁၂ ဒသမ ၃၈၉ ဘီလျံ (လုပ်ငန်း ၇၂ ခု)၊ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၉၀ ဒသမ ၆၀၀ ဘီလျံ (လုပ်ငန်း ၁၉ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၃၄၉၀ ဒသမ  ၇၄၄ ဘီလျံ (လုပ်ငန်း ၁၇၅ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၄ ဒသမ ၆၄၀ ဘီလျံ (လုပ်ငန်းတစ်ခု) ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ  မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိ ပြီး လက်ရှိအစိုးရတက်ပြီး သက်တမ်း လေး နှစ်နှင့် သုံးလအတွင်း (လပေါင်း ၅၁ ကာလ အတွင်း) ကျပ် ၉၂၄၇ ဘီလျံဝန်းကျင် ရင်းနှီး မြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍ၌ အဓိကများပြားလာခဲ့ရာ ယခင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် စတင်ကျော် ဖြတ်၍ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇွန်အထိ ရင်းနှီးမြှုပ်နှံ ထားသော ကျပ် ၂၀၈၇၁ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ၂၂ ဒသမ ၅၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၈ ဒသမ ၆၉ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍတွင် ၁၄ ဒသမ ၄၄ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ၁၀ ဒသမ ၅၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၅ ဒသမ ၄၃ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေး ကဏ္ဍတွင် ၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ စွမ်းအင် ကဏ္ဍတွင် ၃ ဒသမ ၉၉ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ၁ ဒသမ ၇၇ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ၁ ဒသမ ၀၂ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် သုည ဒသမ ၄၃ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် သုည ဒသမ ၀၂ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၆ ဒသမ ၇၂ ရာခိုင်နှုန်း တို့ဖြစ်သည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာစိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးက အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့် ထုတ်ပေးကြောင်း သိရသည်။

 

Most Read

Most Recent