အထွေထွေရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများအောင်နိုင်ရန်အတွက် တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရေး ရှောင်ရှား၍ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရန် SNDP ပါတီ အထွေထွေအတွင်းရေးမှူး တိုက်တွန်း

အထွေထွေရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများအောင်နိုင်ရန်အတွက် တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရေး ရှောင်ရှား၍ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရန် SNDP ပါတီ အထွေထွေအတွင်းရေးမှူး တိုက်တွန်း
 ကျောက်မဲမြို့နယ် SNDP ပါတီ အလုပ်အမှုဆောင်သစ်များ တာဝန်အပ်နှင်းခြင်းနှင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင် ၅ ရက်က ပြုလုပ်နေစဉ် (Photo- Kham Kyaw Facebook)
ကျောက်မဲမြို့နယ် SNDP ပါတီ အလုပ်အမှုဆောင်သစ်များ တာဝန်အပ်နှင်းခြင်းနှင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင် ၅ ရက်က ပြုလုပ်နေစဉ် (Photo- Kham Kyaw Facebook)
Published 10 July 2020
စည်သာ (တောင်ကြီး)၊ ပြည့်စုံ (မူဆယ်)

အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အောင်နိုင်ရန်အတွက် တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရေးရှောင်ရှား၍ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရန် ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ SNDP အထွေထွေအတွင်းရေးမှူး စိုင်းဘိုးအောင်က တိုက်တွန်းပြောကြားသည်။

SNDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာမြို့နယ်ရုံးများထံ စာရင်းတောင်းထားဆဲဖြစ်သဖြင့် ဇူလိုင် ၁၈ ရက်၌ စိစစ်အတည်ပြုမည်ဖြစ်ကြောင်းနှင့် ပြည်နယ်နှင့် တိုင်းသုံးခုသာ ယှဉ်ပြိုင်လျာထားခြင်းဖြစ်ပြီး ပေးပို့လာသော စာရင်းပေါ်မူတည်၍ ပိုလာနိုင်ကြောင်း သိရသည်။

တိုင်းရင်းသားပါတီများ၏ တိုင်းရင်းသားကိုယ်စားလှယ်များ များများအောင်နိုင်ရန်အတွက် လိုလားကြောင်း၊ ထိုမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုကို ပြီပြီပြင်ပြင် တည်ဆောက်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ရှိ နေရာများအနက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ပေါင်း ၂၀၇ နေရာသည် ပြည်နယ်ခုနစ်ပြည်နယ်မှဖြစ်ကြောင်း၊ ၂၀၇ နေရာသည် ရာခိုင်နှုန်းအားဖြင့် ပြည်ထောင်စုလွှတ်တော်၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တိုင်းရင်းသားကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပြည်နယ်ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ အောင်နိုင်ပြီး ပါဝင်နိုင်မှသာလျှင် ပြည်ထောင်စုလွှတ်တော်တွင် မိမိတို့တိုင်းရင်းသား အခွင့်အရေးများကို မှန်မှန်ကန်ကန် ဝင်ရောက်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း စိုင်းဘိုးအောင်က ပြောကြားသည်။

“ဒါကြောင့် လက်ရှိလွှတ်တော်မှာ ကိုးရာခိုင်နှုန်းရှိရာကနေ လာမယ့် ၂၀၂၀ မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ၃၀ ရာခိုင်နှုန်း နိုင်အောင်တော့ တိုင်းရင်းသားပါတီတွေ ကြိုးစားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားပါတီတွေ အောင်နိုင်ဖို့အတွက် တိုင်းရင်းသားအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ဖို့ကို ရှောင်ရှားဖို့လည်းလိုအပ်တယ်လို့ ကျွန်တော်တို့ပါတီကနေ မြင်ပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ဖို့အတွက် တိုင်းရင်းသားပါတီများ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ကြပါလို့ ကျွန်တော် တိုက်တွန်းအကြံပြုလိုပါတယ်” ဟု စိုင်းဘိုးအောင်က ပြောကြားသည်။

ထို့ပြင် SNDP ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးသည့်အခါ နိုင်ငံကောင်းကျိုး ဖော်ဆောင်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများဖြစ်ရန်အတွက် ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက် ၁၈ ချက် သတ်မှတ်ခဲ့ကြောင်း၊ ကယားပြည်နယ်တွင် ညီနောင်တိုင်းရင်းသားပါတီကို ဦးစားပေးသည့်အနေဖြင့် ဝင်ရောက်မယှဉ်ပြိုင်တော့ဘဲ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယှဉ်ပြိုင်ရန်လျာထားကြောင်း ၎င်းက ဆိုသည်။

SNDP ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ရည်မှန်းချက် ငါးချက်ချမှတ်၍ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ တက်လှမ်းနိုင်ရေး၊ နိုင်ငံသားတစ်ဦးချင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ တစ်နိုင်ငံလုံး၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းပြီးဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသားများ၏ ရပိုင်ခွင့်ဖြစ်သည့် ဌာနေတိုင်းရင်းသားများ၏ ကိုယ်စားပြုမှုကို အခြေပြုသည့် ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး၊ ဒေသန္တရဖွံ့ဖြိုးမှုကိုရှေးရှုပြီး ဒေသန္တရ စီမံခန့်ခွဲရေးများတွင် ဌာနေတိုင်းရင်းသားများ၏ ပူးပေါင်းပါဝင်ခွင့်ရရှိရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေးတို့ဖြစ်ကြောင်း စိုင်းဘိုးအောင်က ပြောကြားသည်။

ထို့အတူ မူဆယ်ခရိုင်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများ မဲထည့်ခွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်လာရေးအတွက် SMDP ပါတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားဒေသများတွင် နိုင်ငံသားတစ်ဦးချင်း၏ သဘောထားအမှန် ဆန္ဒထုတ်ဖော်ပိုင်ခွင့် ဆုံးရှုံးခဲ့ရသည့် အနေအထားမျိုး မကြုံတွေ့နိုင်အောင် ကြိုးစားနေပြီး မဲမသမာမှုမရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုင်းဘိုးအောင်က ဆက်လက်ပြောကြားသည်။

“အခုကာလမှာ အခက်အခဲတစ်ခုကတော့ ရှေ့ကပြေးတဲ့လူတွေနောက်ကို အမီလိုက်ဖို့ ရုန်းကန်ရမယ့် အနေအထားပေါ့။ လက်ရှိအနေအထားအရ ပါတီကြီးကနေ ရှေ့ပြေးနိုင်တဲ့အနေအထား ဖော်ဆောင်နေချိန် ကျွန်တော်တို့ ဘာမှလှုပ်ရှားလို့မရသေးတဲ့ အနေအထား၊ နောက်တစ်ခါ COVID ကြောင့်လည်း ကျွန်တော်တို့က တော်တော်လေး ရုန်းကန်ရမယ့်အနေအထားမှာ ရှိသမျှအင်အားကို ထုတ်နုတ်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းဘိုးအောင်က ပြောကြားသည်။

အမျိုးသားရေး၊ ပြည်နယ်အရေး၊ နိုင်ငံ့အရေးကို ဦးတည်ချက်ထားရာတွင် ရန်သူမိတ်ဆွေ ခွဲခြားမှုမရှိကြောင်း၊ ဦးတည်ချက် အောင်မြင်အောင် ဆောင်ရွက်မည့်အနေအထားကို ဆက်လက်ချီတက်မည်ဖြစ်သည့်အတွက် ကြိုးစားရမယ့်အရာတစ်ခုဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် အနည်းငယ်ထူးခြားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ငါးနှစ်တာကာ ကြုံတွေ့ရသည့် အတွေ့အကြုံ၊ ခံစားရသည့် ခံစားမှုအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း၊ COVID ကြောင့် မဲပေးနိုင်မှုကို ရိုက်ခတ်နိုင်သည့် အနေအထားရှိကြောင်း ၎င်းက ပြောကြားသည်။

“ပြည်သူတွေအနေနဲ့ အသဲကြားက မဲတစ်ပြားကို မှန်မှန်ကန်ကန် ပေးနိုင်အောင်တော့ ကြိုးစားပြီး မဲပေးစေချင်ပါတယ်။ မဲလာပေးကြဖို့ ပြောချင်ပါတယ်။ ပါတီအမြင်မှာတော့ လူမှုစီးပွားရေးက အဓိကကျပါမယ်။ တန်းတူရေးက အဓိကကျပါလိမ့်မယ်။ အဲဒီ နှစ်ခုကိုပဲ ဦးစားပေးဆောင်ရွက်သွားဖို့ မျှော်မှန်းထားသလို ဦးတည်ချက်ထားပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းဘိုးအောင်က ပြောကြားသည်။

 SNDP ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်လုံးတွင် ကိုယ်စားလှယ် ၅၈ ဦးအထိ အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အခြေအနေအရပ်ရပ်ကြောင့် ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။

 

Most Read

Most Recent