ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝက်များသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်အပေါ် မည်သည့်ရောဂါကြောင့်ဖြစ်သည်ကို သိရှိနိုင်ရန်အတွက် ဓာတ်ခွဲစစ်ဆေးနေလျက်ရှိကာ လက်ရှိစစ်ဆေးမှုများအရ လူကိုကူးစက်နိုင်သည့်ရောဂါ မဟုတ်သောကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သတင်းရရှိသည်။
မြို့နယ်အချို့တွင် ဝက်များနာမကျန်းဖြစ်ကာ သေဆုံးမှုများ ဖြစ်ပေါ်နေသောကြောင့် မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို သိရှိနိုင်ရေးအတွက် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ဝက်များ နာမကျန်းသေဆုံးမှုအပေါ် လက်ရှိအချိန်ထိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံသို့ တရားဝင်အကြောင်းကြားမှုများ မရှိသေးကြောင်း၊ ဌာနဝန်ထမ်းများမှ ကျေးရွာများသို့ သွားရောက်ကာ ဝက်များသေဆုံးမှုနှင့် ပတ်သက်၍ နမူနာများရယူကာ ဓာတ်ခွဲစမ်းသပ်နေလျက်ရှိပြီး ဆက်လက်သေဆုံးမှုများ မရှိစေရေးအတွက် အသိပညာပေးဟောပြောမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
“ဒီအချိန်က မိုးတွင်းကာလလည်းဖြစ်တယ်။ ရာသီအကူးအပြောင်းလည်းဖြစ်ပြီး မိုးတွေလည်း တော်တော်လေးများတဲ့အခါကြတော့ ကျေးလက်ဒေသတွေမှာ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ဝက်ကလေးတွေက သူတို့မွေးမြူထားတဲ့ အဆောက်အအုံစနစ်ပုံစံရယ်၊ ကျွေးမွေးစောင့်ရှောက်တဲ့ စနစ်ပုံစံရယ်၊ မတူညီကြတဲ့အခါကျတော့ သူတို့ရဲ့ ကိုယ်ခံစွမ်းတွေကလည်း မတူညီကြဘူးပေါ့။ ကိုယ်ခံစွမ်းအား မတူညီတဲ့အခါကျတော့ ဒီလိုရာသီဥတုမျိုးအချိန်မှာကျတော့ ဝက်ကလေးတွေက နာမကျန်းဖြစ်ပြီး သေဆုံးတဲ့ အကြောင်းအရာလေးတွေတော့ ရှိပါတယ်ရှင့်။ အဲဒါဆိုရင် ဒီလိုသေဆုံးတဲ့အကြောင်းအရာတွေကို ကျွန်မတို့ဌာနကဝန်ထမ်းတွေက ပြည်သူလူထုကြားထဲမှာ အထိတ်တလန့်တွေမဖြစ်စေဖို့အတွက် ဘယ်လိုအကြောင်းအရာမျိုးကြောင့် သေသလဲဆိုတာ လိုက်လံပြီးတော့ စစ်ဆေးပါတယ်။ စစ်ဆေးပြီးတဲအခါမှာ မွေးမြူသူတွေ လိုက်နာဆောင်ရွက်ရမယ့်ကိစ္စတွေကို ပညာပေးဆောင်ရွက်လျက်ရှိပါတယ်။ မွေးမြူထားတဲ့ဝက်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ တော်တော်များတယ်ပေါ့နော်။ တစ်ခါတစ်လေ တစ်ကောင်နဲ့တစ်ကောင် ရောဂါဖြစ်တာက သိသိသာသာကွာခြားတာ မရှိပါဘူး။ လက်ရှိအနေအထားမှာတော့ သဏ္ဌာန်လက္ခဏာကိုပဲ ကြည့်ပြီးတဲ့အခါမှာ ဘာရောဂါလဲဆိုတာတော့ လက်ရှိမှာ မပြောနိုင်သေးဘူးပေါ့နော်။ တကယ်လို့ အတည်ပြုဖို့အတွက် ရောဂါနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို ကောက်ယူပြီးတဲ့အခါမှာ ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်းတွေပေးပို့ ရပါတယ်။ ပေးပို့ပြီးတော့ ဘာရောဂါလဲဆိုတာ အတည်ပြုနိုင်မှာပါ။ အခုလက်ရှိအနေအထားမှာ ဝက်တွေမှာဖြစ်တဲ့အနေအထားမှာ လူကိုကူးစက်တတ်တဲ့ရောဂါတော့ လောလောဆယ်မရှိပါဘူး။ လူကိုကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့က တအားကြီးတော့ မထိတ်လန့်စေချင်ပါဘူး။ ဝက်သေဆုံးမှုနဲ့ ပတ်သက်တာကလည်း များသောအားဖြင့် အရပ်သတင်းစကားတွေပဲ ကျွန်မတို့ရတာများပါတယ်။ တကယ့်တကယ် ကျွန်မတို့ဌာနကို သူတို့တွေအနေနဲ့ ထူးထူးဆန်းဆန်းသေဆုံးမှု ဖြစ်လာတယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် နီးစပ်ရာမွေးကုဦးစီးဌာနကို သတင်းပို့နိုင်မယ်ဆိုရင်တော့ ကျွန်မတို့ လုပ်ရတာအဆင်ပြေပါတယ်။ အဲဒီလို သတင်ပို့တဲ့အနေအထားက မရှိသလောက်ဆိုတော့ ကျွန်မတို့လည်း အရပ်ထဲမှာဖြစ်ပေါ်နေတဲ့ သတင်းစကားတွေအရပဲ ကူးစက်ရောဂါတွေမဖြစ်ဖို့ နယ်မြေဆင်းပြီး အသိပညာတွေပေးရတာပဲ လုပ်နေရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်က ပြောကြားသည်။
ဝက်များ နာမကျန်းသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် ရပ်ကွက်ကျေးရွာများအတွင်း လိုင်စင်မဲ့ရောင်းချနေသည့် ဝက်သားဆိုင်များတွင် ဝယ်ယူခြင်းမပြုဘဲ စည်ပင်သာယာရေးစျေးကြီးများအတွင်းရှိ လိုင်စင်ဝက်သားဆိုင်များ၌သာ ဝယ်ယူကြရန်လည်း လိုအပ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုက်တွန်းထားသည်။















