COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသရှိ ဟိုတယ်၊ တည်းခိုရိပ်သာများ ယာယီပိတ်ထားရာမှ ယခုအခါတွင် ဟိုတယ် တည်းခိုရိပ်သာ ၄၂ လုံးအား သက်ဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော အဖွဲ့စုံဖြင့် မေလတတိယပတ်မှစတင်၍ လိုက်လံစစ်ဆေးခဲ့ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ ဇူလိုင် ၇ ရက်အထိ စုစုပေါင်း ဟိုတယ်၊ တည်းခိုရိပ်သာပေါင်း ၄၂ လုံးကို ခွင့်ပြုမိန့်ချထားပေးထားသည်ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
“ပုဂံ ညောင်ဦး ၂၁ လုံး၊ ဒီနေ့ ထပ်ကျတာ ရှစ်လုံး စုစုပေါင်း ၂၉ လုံး၊ ကျောက်ပန်းတောင်း ပုပ္ပားမှာ ၁၃ လုံး စုစုပေါင်း ၄၂ လုံး ရှိသွားပါပြီ။ ဟိုတယ်တည်းခိုခန်းရိပ်သာ အားလုံးပါ။ မနေ့ကအထိ ၃၄ လုံး ဒီနေ့ထပ်ကျတာ ရှစ်လုံးပါ။ ပုဂံ-ညောင်ဦးမြို့နယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်ရှိ ဟိုတယ်နဲ့ တည်းခိုရိပ်သာများ စတင်ဖွင့်လှစ်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီရဲ့ ဟိုတယ်၊ တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များ ဆက်လက်ထုတ်ပေးနေပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပုဂံညောင်ဦးရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးးမင်းအောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံညောင်ဦးမြို့နယ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား COVID – 19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားခြင်း ရှိ မရှိကို ဟိုတယ်နှင့်တည်းခိုရိပ်သာများ ဖွင့်လှစ်နိုင်ရေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ယခင်က ပြည်တွင်းပြည်ပခရီးသွားများ အမြဲမပြတ်ရှိရာ COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်သည့် အနေဖြင့် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ စေတီပုထိုး၊ သာသနိကအဆောက်အအုံများသို့ လာရောက်လည်ပတ် ဖူးမြော်ခွင့်များ ပိတ်ထားခဲ့ရာမှ ယခုအခါ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ ဘုရားများဖူးမြော်ခွင့်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုပေးထားကြောင်း၊ ဘုရားသို့ ဝင်ရောက်ရာတွင်လည်း ဘုရားဝင်းအတွင်းမဝင်မီ နှာခေါင်းစည်းတပ်ဆင်၍ ဝင်ရခြင်း၊ လက်ဆေးစင်များတွင် လက်ဆေးစေခြင်း၊ ဘုရားဖူးလာရောက်သည့် ဒေသနှင့် နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်တို့အား စာရင်းကောက်ယူ မှတ်တမ်းထားရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်မြို့နယ်ရှိ ပုပ္ပားတောင်ကလပ်သို့ လာရောက်သည့် ပြည်တွင်းဘုရားဖူးလာသူများ ကိုဗစ်ကာလ သတ်မှတ်စည်းကမ်းများနှင့်အညီ ဇွန် ၃၀ ရက်မှစ၍ ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပုပ္ပားတောင်ကလပ် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။















