ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံတွင် ခြံစည်းရိုး အုတ်နံရံတံတိုင်းများ တည်ဆောက်ခြင်း၊ လူသွားလမ်းခင်းခြင်း၊ အမွေအနှစ်နေရာအား ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်နေသည်ဟု ယူနက်စကိုအဖွဲ့မှ မြန်မာအစိုးရကို အကြောင်းကြားထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
ဇွန် ၁၂ ရက်က ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပုဂံမြို့သစ် သီရိပစ္စယာတွင် ခြံစည်းရိုး အုတ်နံရံတံတိုင်း တည်ဆောက်ခြင်း၊ လူသွားလမ်းခင်းခြင်း၊ အမွေအနှစ် နေရာအား ခြံစည်းရိုးခတ်ခြင်း စသည့် သတင်းအချက်အလက်အချို့ကို ယူနက်စကိုက ဝန်ကြီးဌာနသို့ အကြောင်းကြားထားခြင်း ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းသို့ အကြောင်းကြားထားမှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် စိစစ်ဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
ထို့ပြင် ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ပြီးနောက် တစ်နှစ်မပြည့်မီ ကာလအတွင်း ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် တိုးချဲ့ခေတ်သစ် အဆောက်အအုံ တည်ဆောက်ခြင်း၊ စက်ယန္တရားကြီးများ အသုံးပြု၍ မြေတူးဖော်ခြင်း၊ ဘူဒိုဇာအသုံးပြု၍ မြေတူးဖော်ခြင်း၊ ကွန်တိန်နာမြှုပ်ခြင်း၊ မြေကျင်းတူးဖော်ခြင်း၊ ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ လမ်းမ၊ လမ်းသွယ်များပေါ်တွင် တန်ချိန်မြင့် အုတ်၊သဲ၊ ကျောက် ဘိလပ်မြေကားကြီးများနှင့် အခြားတန်ချိန်မြင့် ကားကြီးများ ဖြတ်သန်းမောင်းနှင်နေခြင်းတို့ကို ဒေသခံအချို့က တင်ပြထားခြင်းရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။
ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး၏ ပူးပေါင်းကြိုးစားမှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်ခဲ့ပြီ ဖြစ်ကြောင်း၊ ပုဂံဒေသ ကာကွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC) က အကြံပြုချက် (၁၈) ချက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည် တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပုဂံဒေသတွင် မြေယာကျူးကျော်မှုများကို တားဆီးနိုင်ခြင်း မရှိပါက အချိန်ကြာလာသည်နှင့်အမျှ ပုဂံဒေသမှာ ပျက်စီးမှုများနှင့် ကြုံတွေ့ရနိုင်သည်ဟု ပုဂံဒေသခံအချို့နှင့် ဧည့်လမ်းညွန်အချို့က ပြောကြားသည်။
“ ဒါတွေကို မထိန်းသိမ်းနိုင်ဘူးဆိုရင် Danger Heritage ဖြစ်နိုင်တယ်။ ရှေးဟောင်းဇုန်ထဲမှာက ဒီပြသာနာတင် မဟုတ်ဘူး မြေယာကိစ္စတွေလည်း ရှိနေတယ်လေ။ ဒါတွေကို သေချာမလုပ်နိုင်ရင်တော့ ပုဂံက ရေရှည်မှာ မလွယ်ပါဘူး” ဟု ကိုမြင့်နိုင်က သုံးသပ်သည်။
COVID-19 ကာလအတွင်း ပုဂံတွင် ဘုရားအချို့ ဌာပနာအဖောက်ခံရခြင်းများ၊ လောကထိပ်ပန် စေတီတွင် ကာရံထားသည့် ၀ါးယင်းလိပ် မီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်။
ယင်းသို့ ဘုရားအချို့ ဌာပနာအဖောက်ခံရမှုမှာ အဆူ ၃၃ ဆူရှိခဲ့ပြီး ယင်းတို့အနက် ၂၁ ဆူမှာ ယခင်ကတည်းက ဌာပနာပိတ်ထားခြင်း မရှိသည့် စေတီများဖြစ်ကြောင်း သိရသည်။ ဘုရားအချို့ ဌာပနာအဖောက်ခံရမှုမှာ သွေးရိုးသားရိုးမဟုတ်ဘဲ နိုင်ငံရေးပရောဂ ပါနေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သုံးသပ်ပြောကြားသည်။
“ ဌာပနာတိုက်လေးတွေ ဖောက်ခံရတယ်ဆိုတဲ့ကိစ္စဟာ ဒါသည် ဌာပနာပစ္စည်း ရယူလိုတဲ့ သဘောရိုးမဟုတ်ပဲနဲ့ နိုင်ငံရေးပယောဂပါတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ အထက်ကလည်း အဲဒီလိုပဲသုံးသပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယူနက်စကိုစာရင်းဝင် ပုဂံဒေသတွင် ဘုရားစေတီ ၃၈၀၀ ကျော်ရှိပြီး ဌာပနာ ဖောက်ခံရခြင်းများ၊ ဖျက်စီးခံရခြင်းများ မရှိစေရန် ပုဂံဧည်းလမ်းညွန်များအသင်းမှ စေတနာ့ဝန်ထမ်း တစ်ရာကျော်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကင်းလှည့်ခြင်းများကို ဆောင်ရွက်လျက် ရှိသည်။















