လက်ရှိ သုံးစွဲနေသော ငွေကြေးများကိုလည်း ဗိုလ်ချုပ်ပုံဖြင့် ဆက်လက် ထုတ်ဝေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဇွန် ၁၅ ရက်က ပြုလုပ်သော နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် သတင်းမီဒီယာများ၏ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုသုံးစွဲနေတဲ့ Denomination တွေ အကုန်လုံးကိုတော့ အစဉ်လိုက်ပဲ ရိုက်နှိပ် ထုတ်ဝေသွားမှာပါ။ ကာလကတော့ ဒီ ၁၀ လအတွင်းမှာလား ဆိုတာ ဒါကတော့ ရိုက်နှိပ်တဲ့အပေါ် မူတည်တယ်။ အားလုံးကိုတော့ သုံးစွဲနေတဲ့ Denomination တွေအားလုံးအတွက် ဗိုလ်ချုပ်ရုပ်ပုံကိုတော့ ရိုက်နှိပ် ထုတ်ဝေသွားမှာပါ”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ထုတ်ဝေသည့် ငွေစက္ကူများသည် Denomination နှင့် ပုံစံပေါ် မူတည်ပြီး ၁၄ မျိုးခန့်ရှိကာ နောင်တွင်လည်း အခြား Denomination များကိုလည်း ဗိုလ်ချုပ်ပုံဖြင့် ဆက်လက် ထုတ်ဝေသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် အထိမ်းအမှတ်အနေဖြင့် ကျပ် ၁၀၀၀ တန် ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေခဲ့သည်။
ယင်းငွေစက္ကူများသည် အကန့်အသတ်ဖြင့်သာ ထုတ်ဝေခြင်းဖြစ်သောကြောင့် စျေးကွက်အတွင်း အသုံးပြုသည်အထိ ပမာဏမများခဲ့ကြောင်း သိရသည်။















