မြဝတီမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိသူ သုံးဦးကို ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ နှင့်အတူ ဇွန် ၆ ရက်က ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိမှုသတင်းအရ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြဝတီရှေ့တန်းရုံးမှ ခြေလျင်တပ်ရင်း (၉၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဆန်းဝင်း၊ နယ်ခြားစောင့်တပ် စည်းကမ်းထိန်းသိမ်းရေးမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်၊ မူးယစ်တပ်စု (၃၂) မြဝတီ မူးယစ်တပ်ဖွဲ့ရုံးမှ ရဲမှူး မင်းအောင်မြင့်ဦးတို့ ဦးဆောင်သော ရဲ၊ တပ်၊ BGF တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဇော်ဂျီ (၂) လမ်းတွင် ဇွန် ၆ ရက် နံနက် ၁၀ နာရီခန့်က စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား တွေ့ရှိရ၍ ရပ်တန့်စစ်ဆေးရာ ၎င်းတို့မှာ စိုင်းရွှေ (၄၅ နှစ်) နောင်ဖာကျေးရွာ တန့်ယန်းမြို့ ရှမ်းပြည်နယ်နေသူနှင့် နန်းရှန်နွန်း (၂၇ နှစ်) အမှတ်(၄)ရပ်ကွက် နမ့်စန်မြို့ ရှမ်းပြည်နယ်နေသူတို့ ဖြစ်ကြောင်း သိရပြီး သက်သေများရှေ့တွင် ရှာဖွေရာ စိုင်းရွှေ၏ လက်တွင် ကိုင်ဆောင်ထားသော ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် ထုပ်ထားပြီး တိပ်အဝါရောင် ပတ်ထားသော အထုပ် လေးထုပ်အတွင်း WY စာတန်းပါ မူးယစ်ဆေးပြား ၄၀၀၀၀ အား တွေ့ရှိရကြောင်း သိရသည်။
သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စိုင်းရွှေအား ရဲတပ်ဖွဲ့က စစ်ဆေးရာ အဆိုပါ ဆေးပြားများမှာ မြဝတီမြို့ အမှတ်(၄) ရပ်ကွက် အလိုတော်ပြည့် (၂)လမ်းနေ ဦးဖေသန်းအောင်ထံမှ ရရှိသော ပစ္စည်းများဖြစ်ကြောင်း သိရသဖြင့် ပူးပေါင်းအဖွဲ့က ဦးဖေသန်းအောင် ၏ နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ရှာဖွေစဉ် နေအိမ်တွင် ဦးဖေသန်းအောင်နှင့်အတူ အောင်နိုင်စိုး (၃၀ နှစ်) အမှတ် (၃) ရပ်ကွက် မြဝတီမြို့နေသူကို အသင့်တွေ့ရပြီး နေအိမ်တွင်း ဆက်လက်ရှာဖွေရာ နေအိမ်မီးဖိုချောင်အခန်းတွင်းမှ မူးယစ်ဆေးဝါး ထုပ်ပိုးရာတွင် အသုံးပြုသည့် မှိုင်းကိုင်စက္ကူနှင့် ဂျပ်ဖာတို့အား လည်းကောင်း၊ မူးယစ်ဆေးဝါး ရောင်းရငွေဟု ယူဆရသော မြန်မာငွေကျပ် ခြောက်သိန်းနှင့် အောင်နိုင်စိုး ဝတ်ဆင်ထားသော ဘောင်းဘီအိတ်အတွင်းမှ WY စာတန်းပါ ဆေးပြား နှစ်ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ စိုင်းရွှေ၊ နန်းရှန်နွန်းနှင့် ကွင်းဆက်တရားခံများ ဖြစ်သော ဖေသန်းအောင် နှင့် အောင်နိုင်စိုးတို့အား မြဝတီမြို့မ ရဲစခန်းက အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။















