တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲစာရင်းအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ စတင်ကောက်ယူ

တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲစာရင်းအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ စတင်ကောက်ယူ
Published 6 June 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့အသီးသီးမှ တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲဆန္ဒရှင်စာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

မေလကုန်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ မဲစာရင်းကောက်ယူရန် ညွှန်ကြားချက်ရရှိပြီးနောက် ထိုသို့မဲစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အချို့ထံမှ သိရသည်။

“ အခု ကျွန်တော်တို့စနေပြီ။ သက်ဆိုင်ရာ တပ်ရင်းတပ်မတွေနဲ့ ညှိနေပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောကြားသည်။

တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲစာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကို မေလကုန်ပိုင်းတွင် စတင်ခဲ့ပြီး မည်သည့်အချိန်တွင် အပြီးကောက်ခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားချက်တွင် မပါရှိသော်လည်း ပထမအကြိမ် မဲစာရင်းမကြေညာမီ အပြီးဆောင်ရွက်ရမည်ဟု သိရသည်။

တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲစာရင်းကောက်ယူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်များသည် တိုင်းစစ်ဌာနချုပ်များနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိပြီး မဲစာရင်းပြုစုရာတွင် လိုက်နာရမည့် အချက်များနှင့် အမှားအယွင်းမရှိစေရန်အတွက်လည်း တပ်ရင်း၊ တပ်ဖွဲ့မှ တာဝန်ရှိသူများအား လိုအပ်သည်များ ရှင်းလင်းပြောကြားရန်ရှိကြောင်း ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောကြားသည်။

“ တပ်မှူးကနေ တာဝန်ယူပြီးတော့မှ ပေးလာတဲ့ စာရင်းကိုတို့က သတ်မှတ်ချက်နဲ့ မဲစာရင်း မပါဝင်သင့်တဲ့ သူတွေပေ့ါနော်။ ၁၈ နှစ်ပြည့်တယ်။ နိုင်ငံသားကတ်ရှိတယ်။ နိုင်ငံသားမှန်တယ်ဆိုရင် မဲစာရင်းထဲထည့်ပေးတာပေါ့”  ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် အခြေခံမဲဆန္ဒရှင် စာရင်းကောက်ယူမှုကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးတို့ ပြုစုထားသည့် မြို့နယ်အလိုက်  လူဦးရေစာရင်းကို အခြေခံကောက်ယူပြုစုပြီး တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့၏တပ်မှူး ကောက်ယူပေးသည့် စာရင်းအပေါ်  အခြေခံပြုစုရကြောင်း ၎င်းက ပြောကြားသည်။

တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲစာရင်းသည် ၎င်းတို့ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ဌာနချုပ် တည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမဲစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ပြီး တပ်ပြင်ပနေထိုင်ကြသော တပ်ဖွဲ့ဝင်များနှင့်အတူနေ မိသားစုဝင်များ၏ မဲစာရင်းကို ၎င်းတို့နေထိုင်ရာ ရက်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုမဲစာရင်းတွင် ထည့်သွင်းရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ တင်သွင်းခဲ့သည့် တပ်တွင်းမဲရုံများ တပ်ပြင်ပသင့်လျော်သည့် နေရာတွင် ထားရှိရေးအချက် ပါဝင်သည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်ကိုမေလတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။

ထို့သို့ အတည်ပြုခဲ့ခြင်းကြောင့် တပ်မတော်သားနှင့်အတူနေ မိသားစုဝင် မဲဆန္ဒရှင်များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၏ပြင်ပ သင့်လျော်သည့်နေရာတွင် ရက်ကွက်နှင့် ကျေးရွာ အုပ်စုအတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ မဲပေးရမည်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် အခြေခံမဲဆန္ဒရှင် ၃၇ သန်းကျော်ရှိပြီး အဆိုပါစာရင်းတွင် တပ်မတော်သားနှင့်အတူနေ မိသားစုဝင်များ၏ မဲစာရင်း မပါဝင်သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

Most Read

Most Recent