ဘတ်ဂျက်ဆိုသည်မှာ အခွန်ဆောင်ပြည်သူများ၏ ချွေးနဲစာဖြစ်ပြီး စားဖို့ဝါးဖို့ ခင်းကျင်းပေးထားသည့် ဘူဖေး မဟုတ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။
ဇွန် ၅ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး စတုတ္ထနေ့ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်းပြီး ဦးနေဘုန်းလတ်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဘတ်ဂျက်ဆိုတာ စားဖို့ ၀ါးဖို့ ခင်းကျင်းပေးထားတဲ့ ဘူဖေး မဟုတ်ပါဘူး။ အခွန်ဆောင် ပြည်သူတွေရဲ့ ချွေးနဲစာတွေ ဖြစ်ပါတယ်။ အလေအလွင့်မရှိအောင် ဂရုတစိုက်နဲ့ အကျိုးရှိရှိ သုံးစွဲကြဖို့လိုပါတယ်” ဟု ဦးနေဘုန်းလတ်ကပြောကြားသည်။
ဌာနများက ဘတ်ဂျက်တောင်းခံသည့်နေရာတွင်သုံးသည့် တွက်ချက်မှုများသည် ပြင်ပပေါက်စျေးနှင့် မဆီလျော်ခြင်း၊ လက်ရှိပေါက်စျေးနှင့်ကွာခြားနေခြင်း၊ မြေပြင်စျေးနှုန်းနှင့် အလွန်ကွာခြားနေခြင်း၊ ယခင်နှစ် များထက် ၂ ဆမှ ၃ ဆ ပိုမိုတောင်းခံထားခြင်း စသည့်စကားလုံးများကို ပြည်သူ့ငွေစာရင်း ကော်မတီနှင့် စိစစ်ရေးပူးပေါင်းအဖွဲ့များ၏ အစီရင်ခံစာများတွင် ခဏခဏတွေ့နေရသည့် ကိစ္စဖြစ်ကြောင်း၊ ဘတ်ဂျက် တောင်းခံသည့်အချိန်နှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မည့်အချိန် ကွာဟမှုကြောင့် စျေးနှုန်းပိုင်း အပြောင်းအလဲ ရှိနိုင်သည့်အတွက် ပိုမိုတွက်ချက်တောင်းခံထားသည့် ကိစ္စကို နားလည်နိုင်သော်လည်း ရာခိုင်နှုန်းအတိုင်း အတာတစ်ခုထိသာဖြစ်သင့်ကြောင်း အလွန်အမင်း ကွာဟတွက်ချက်ထားပြီး အများအပြား ပိုလျှံမှုမျိုး မဖြစ်အောင် ကြီးကြပ်သင့်ကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။
“ စိစစ်ရေးအဖွဲ့ လေးဖွဲ့ရဲ့ စိစစ်တွေ့ရှိချက်နဲ့ အကြံပြုချက်တွေထဲမှာ အခြေအနေတူညီသည် မြို့နယ်ချင်း၊ ဘဏ္ဍာငွေခွဲဝေရရှိမှုအချိုးအစား မမျှမတဖြစ်နေခြင်း ဆိုတာ တစ်ချက်တစ်ချက်ပါဝင်ပါတယ်။ ဥ့မာအနေနဲ့ ဒဂုံလေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာ တို့ရဲ့ လမ်းများ ကတ္တရာခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်းအတွက် ရရှိငွေကို ယှဉ်ပြထားပါတယ်။ အကျယ်အဝန်းခြင်း၊ လူဦးရေခြင်း၊ အခြေအနေခြင်း ကွာခြားမှုသိပ်မရှိတဲ့ မြို့နယ်တွေအနေနဲ့ ဘတ်ဂျက်ရရှိမှုမှာ သန်း ရာဂဏန်း၊ ထောင်ဂဏန်းကွာဟခြင်းတွေ မဖြစ်ဖို့ စီမံဆောင်ရွက်သင့်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။
ထို့ပြင် အစိုးရဌာနများအနေဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များရဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျလေးစားလိုက်နာရန် အရေးကြီးကြောင်း၊ ဘတ်ဂျက်များကို ပြည်သူ့ငွေစာရင်းကော်မတီက ဖြတ်တောက်ခြင်းမဟုတ်ဘဲ ဌာနများကိုယ်တိုင်က ဒီလိုလုပ်လို့မရဘူးဆိုသည်ကို ကိုယ်တိုင်နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ စနစ်အောက်တွင် အလုပ်လုပ်နေကြသည့် အစိုးရတာဝန်ရှိသူများအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် လုပ်ထုံးလုပ်နည်းများကို ကျေညက်အောင် လေ့လာထားကြရန် တိုက်တွန်းလိုကြောင်း ဦးနေဘုန်းလတ်ကပြောကြားသည်။
ယင်းအပြင် ငွေလုံးငွေရင်းဖြင့် အသုံးပြုသင့်သည့် ကိစ္စရပ်များကို သာမန်အသုံးစရိတ်တွေအဖြစ် တင်တောင်းထားခြင်းကိစ္စများသည် ဘဏ္ဍာရေးလလုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သည့်အပြင် အသေးစိတ်စိစစ်မှုမဆောင်ရွက်နိုင်ခြင်း၊ တင်ဒါဖြင့် ဆောင်ရွက်ရမည့် အကန့်အသတ်များကို အလွယ်တကူကျော်လွှားနိုင်ခြင်း QC စစ်ဆေးမှုများ ကင်းလွတ်သွားနိုင်ခြင်းစသည့် အချက်များကို အခြေခံသော အဂတိတရားမကင်းသည့် ကိစ္စရပ်များပေါ်ပေါက်နိုင်သဖြင့် နောင်ဘဏ္ဍာရေးနှစ်တွင် သေချာစွာ စိစစ်ကြပ်မတ်သင့်ကြောင်း ဦးနေဘုန်းလတ်ကပြောကြားသည်။
ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) နှင့် ပတ်သက်ပြီး ဆွေးနွေးလျက်ရှိရာ စျေးနှုန်းကြီးမြင့်ခြင်း၊ ပြင်ပပေါက်စျေး ကွာဟခြင်းနှင့် ရန်ကုန်စည်ပင်၏ သံစုံတီးဝိုင်း တင်သွင်းခြင် ကိစ္စများကို တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျက်ရှိသည်။















