ဖြည့်စွက်ဘတ်ဂျက်များကို အမှန်တကယ် သုံးစွဲနိုင်မှုမရှိဘဲ ဝန်ကြီးဌာနများက များပြားစွာတောင်းခံနေပြီး ဘတ်ဂျက်ခွင့်ပြု ငွေတောင်းခံမှုကို စနစ်တကျမစစ်ဆေးနိုင်ပါက ပြည်သူအကျိုးစီးပွားထိခိုက်နိုင်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောကြားသည်။
ဇွန် ၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး၊ တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသည့် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဦးတင်ထွန်းနိုင်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဖြည့်စွက်ဘတ်ဂျက်တွေကို အမှန်တကယ်သုံးစွဲနိုင်မှုမရှိဘဲ ဝန်ကြီးဌာနများက များပြားစွာ တောင်းခံနေမှုတွေကိုလည်း သိရှိရပါတယ်။ ဌာနအဖွဲ့အစည်းများအနေနဲ့ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာမှာ လိုက်နာဆောင်ရွက်ရမယ့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို နိုင်ငံတော်က ဥပဒေနဲ့အညီ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော်အကြီးအကဲများကလည်း လိုအပ်သလို လမ်းညွှန် မိန့်ကြားမှုများလည်းရှိပါတယ်။ ဌာနအဖွဲ့ အစည်းများအနေဖြင့် ဖြည့်စွက်ဘက်ဂျက်များ တောင်းခံရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသားများ ရေရှည်အကျိုးဖြစ်ထွန်းမှုကို ကြည့်ပြီး သူ့အိုးနဲ့ သူ့ဆန်နိုင်သလောက်ပဲ တောင်းခံ စေချင်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကိုလည်း ဒီထက်မက တိုးတက်စေချင်ပါတယ်။ ဖြည့်စွက်ဘတ်ဂျက်ခွင့်ပြုငွေ တောင်းခံမှုများကို စနစ်တကျအချိန်ယူပြီး မစစ်ဆေးနိုင်ပါက ပြည်သူ့အကျိုးစီးပွားကို ထိခိုက်နိုင်ပါတယ်”ဟု ဦးတင်ထွန်းနိုင်က ပြောကြားသည်။
ဘဏ္ဍာရေးကော်မရှင်၏ ၁/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ ဖြည့်စွက်ခွင့်ပြုငွေများတောင်းခံ သုံးစွဲရေးနှင့်ပတ်သက်ပြီး ရှင်းလင်းတိကျ သည့် လမ်းညွှန်ချက်ရှိပြီးဖြစ်ကြောင်း၊ အမျိုး သားစီမံကိန်းဥပဒေတွင်ပါဝင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီး စီးနိုင်သည့်ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ မူလခွင့်ပြုချက် ရရှိပြီးဖြစ်သည့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့်ငွေ များကိုသာ တောင်းခံရန်၊ တောင်းခံချက်ပါအ တိုင်း ပြီးစီးအောင်ဆောင်ရွက်ရေး၊ တောင်းခံငွေများကို အပြည့်အဝသုံးစွဲနိုင်ရေး လမ်းညွှန်ထားကြောင်း ဦးတင်ထွန်းနိုင်က ပြောကြားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေ ကျပ် ၁၃၁၇၆၆ ဒသမ ၆၈၅ သန်း သည် ငါးနှစ်အတွင်း ဒုတိယအများဆုံး ပမာဏဖြစ်သည်ဟု ပြည်သူ့ငွေစာရင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်တွင် ဖော်ပြ ထားကြောင်း၊ သုံးစွဲနိုင်သည့် အချိန်ကာလ သည် လေးလခန့်သာရှိပြီး အကောင်အထည် ဖော်ဆောင်ရွက်ရမည့်အချိန်မှာ မိုးရာသီဖြစ်ပြီး ဌာနအဖွဲ့အစည်းများအနေဖြင့်လည်း တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများဖြင့် စနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရေးအတွက် တည်ဆောက်ရေး၊ ဝယ်ယူရေး၊ တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်းတို့ တွင် ဘဏ္ဍာရေးစည်းမျဉ်းများအရ ငွေပေး ချေရခြင်း၊ ငွေပေးချေခြင်းကြောင့် ကြီးမား သည့် ကန့်သတ်ချက်များဖြစ်ပေါ်စေကြောင်း ဦးတင်ထွန်းနိုင်က ပြောကြားသည်။
တည်ဆောက်ရေးလုပ်ငန်းများ၏ မြေပြင်အခြေအနေမှာလည်း ဖော်ပြပါအခက်အခဲများကြောင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရန် ကြီးမားသည့် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဥပမာအနေ ဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်း ကျောင်းတည်ဆောက်ရေးနှင့် ဒေသန္တရဆေးခန်း နှစ်ထပ် ဆောင်တည်ဆောက်ရေးများတွင် သတ်မှတ်ဘဏ္ဍာရေးနှစ်ကာလအတွင်း မပြီးသည့်အတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အရ နှစ်ဦးနှစ်ဖက်နစ်နာခဲ့ရကြောင်း၊ အဖွဲ့အစည်းများဘက်မှလည်း ဘဏ္ဍာရေးစည်းမျဉ်းအရ ငွေထုတ်၍မရခြင်း၊ မြို့နယ်အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးအဆောက် အအုံများ အချိန်နှင့်တစ်ပြေးညီမသုံးစွဲနိုင်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း ဦးတင်ထွန်းနိုင်က ပြောကြားသည်။















