နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရန် ညီနောင်မဟာမိတ်သုံးဖွဲ့က တပ်မတော်ကို ကမ်းလှမ်းခဲ့ပြီး ယုံကြည်ရန်အလွန်ခဲယဉ်းကြောင်း တပ်မတော်ဘက်မှ ပြောကြား

နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရန် ညီနောင်မဟာမိတ်သုံးဖွဲ့က တပ်မတော်ကို ကမ်းလှမ်းခဲ့ပြီး ယုံကြည်ရန်အလွန်ခဲယဉ်းကြောင်း တပ်မတော်ဘက်မှ ပြောကြား
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် NRPC နှင့် KIO, MNTJP, PSLF, ULA တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစည်းအဝေးကျင်းပစဉ်
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် NRPC နှင့် KIO, MNTJP, PSLF, ULA တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစည်းအဝေးကျင်းပစဉ်
Published 2 June 2020

နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရန် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တပ်မတော်ကို ကမ်းလှမ်းခဲ့ပြီး အဆိုပါထုတ်ပြန်ချက်အပေါ် တပ်မတော်အနေဖြင့် ယုံကြည်ရန်အလွန်ခဲယဉ်းကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ခြောက်ကြိမ်မြောက်အဖြစ် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ သုံးလတာ ထပ်မံတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇွန် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရန် တပ်မတော်အား ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်များအား မကြာခဏ ထုတ်ပြန်နေသော်လည်း မကြာသေးမီ ရက်ပိုင်းအတွင်းက TNLA သည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအား တိုက်ခိုက်ခဲ့သကဲ့သို့ AA အဖွဲ့ကလည်း ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင်ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အနေဖြင့် ထုတ်ပြန်ချက်နှင့် လက်တွေ့လုပ်ဆောင်ချက် တခြားစီသာဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ သူတို့အနေနဲ့ကတော့ ဒီဟာတွေသည် ပြောရမယ်ဆိုရင် ခွေးမြီးကောက် ကျည်တောက်စွပ် ပါပဲ။ ဒီအတိုင်းပဲ လုပ်နေတာပါပဲ။ ဒီအတိုင်းပဲ လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့က ယုံကြည်ဖို့ တော်တော်ခဲယဉ်းတယ်လို့ပဲ ပြောချင်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင်ရဲကင်းစခန်းသည် ၂၀၁၅ ခုနှစ်၊ ၂၀၁၇ ခုနှစ်အတွင်း၌ ဘင်္ဂါလီပြဿနာများကြောင့် အသစ်ဖွင့်လှစ်ခဲ့သည့် ရဲကင်းစခန်းဖြစ်ပြီး ယင်းဒေသရှိ တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဒေသခံများ၏ တောင်းဆိုမှုအရ ခွင့်ပြုပေးခဲ့သော ရဲကင်းစခန်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံရေးအရ အရေးပေါ်ဖြစ်နေသော ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ အစိုးရ၊ တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်နှင့် လက်တွေ့ကျသော လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထု၏ မျက်နှာကို ထောက်ရှု၍ တိုက်ပွဲများ လုံးဝမဖြစ်ပွားစေဘဲ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပြုနိုင်ရန် ညီနောင် မဟာမိတ်သုံးဖွဲ့အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ် ကြေညာခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းစစ်မီး လုံးဝချုပ်ငြိမ်းသွားစေရန်၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် တိုက်ဖျက်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက်လည်း အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ် ကြေညာခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်အနေဖြင့်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့နည်းတူ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ် ကြေညာနေသော်လည်း နှစ်ဖက်တိုက်ပွဲများမှာ မရပ်တန့်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေကာ ထိုသို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းသည် တပ်မတော်အနေဖြင့် ရခိုင်ဒေသအား ချန်လှပ်၍ AA အဖွဲ့အား ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ဒေသအား အပစ်အခတ်မရပ်စဲခြင်းသည် အဆိုပါဒေသတွင် အကြမ်းဖက်အဖွဲ့အစည်းများ ရှိနေသောကြောင့်ဖြစ်ပြီး ယင်းကိစ္စသည် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ နိုင်ငံတကာမှာလည်း မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမှ ဒါအပစ်အခတ် ရပ်စဲတာမျိုး မရှိဘူး။ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းအတိုင်းပဲ ဖြစ်တယ်။ ကုလသမဂ္ဂအနေနဲ့ COVID-19 ကာလမှာ ဒီလက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ဖို့၊ ရပ်ဖို့ ပြောတယ်။ သို့သော် အဲဒီအထဲမှာ ကျွန်တော်တို့ သိသလောက်တော့ အမေရိကန် တွေက ISIS နဲ့ သူတို့အကြမ်းဖက်ပြောထားတဲ့ တာလီဘန်တွေ မပါဘူး။ လွန်ခဲ့တဲ့ တစ်ပတ် နှစ်ပတ်လောက်ကပဲ အကြမ်းဖက် ခေါင်းဆောင်တစ်ယောက်ကို အမေရိကန်က နှိမ်နင်းလိုက်တယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့တာမျိုး ရှိတယ်။ဒီအကြမ်းဖက်အဖြစ် မြန်မာနိုင်ငံမှာ သတ်မှတ်ထားတာ နှစ်ဖွဲ့ရှိတယ်။ ARSA ရယ်၊ AA ရယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရမှုသည် ၎င်းတို့၏ လုပ်ရပ်များကြောင့် သတ်မှတ်ခံရခြင်းဖြစ်ပြီး AA အဖွဲ့သည် ရဲကင်းစခန်းများအား တိုက်ခိုက်ခြင်း၊ ရေယာဉ်များအား တိုက်ခိုက်ခြင်း၊ ဝန်ကြီးချုပ်ယာဉ်တန်းအား တိုက်ခိုက်ခြင်း၊ အရပ်သာများအား ဖမ်းဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကြာခဏ ပြောထားသကဲ့သို့ တဒင်္ဂငြိမ်းချမ်းရေး ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent