ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ဒေသခံများ ရေအခက်အခဲ ကြုံတွေ့နေဟုဆို

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ဒေသခံများ ရေအခက်အခဲ ကြုံတွေ့နေဟုဆို
တီးတိန်မြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကျေးရွာတစ်ရွာမှ ဒေသခံများ ရေထွက်ရှိရာနေရာသို့ ရေလာခပ်နေစဉ်
တီးတိန်မြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကျေးရွာတစ်ရွာမှ ဒေသခံများ ရေထွက်ရှိရာနေရာသို့ ရေလာခပ်နေစဉ်
Published 26 May 2020

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းတွင် ဒေသခံများ ရေအခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

ရေအခက်အခဲဖြစ်သည်မှာ တီးတိန်မြို့ပေါ်နှင့် တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာတို့တွင်ဖြစ်ပြီး အချို့နေရာများတွင် ဒီဇင်ဘာလဆန်းမှစတင်၍ ရေခက်ခဲမှုနှင့် စတင် ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

“ဒီမှာ ရေပြတ်တာက ဒီဇင်ဘာလဆန်းလောက်က စတာ။ အခုအခြေအနေက ထမင်းချက်ဖို့တောင် မလောက်တော့ဘူး ဖြစ်နေပြီ။ ရေက ရွာအောက်ကချောင်းမှာ နည်းနည်းထွက်တဲ့ဟာတွေရော တောင်ယာ၊ တောင်စောင်းမှာ ရေထွက်လေးတွေကို သွားခပ်တာ။ လေးမိုင်၊ ငါးမိုင်လောက် ရှိတယ်။ ဂါလန်ပုံးတွေနဲ့ သွားခပ်တာ။ ရေချိုးတော့ မဏိပူမြစ်မှာ သွားပြီးချိုးရတယ်။ ရွာနဲ့ မဏိပူမြစ်က လေးမိုင်လောက် ဝေးတယ်။ ရွာမှာ ရေကန်ဟောင်း တစ်ခုရှိတယ်။ အဲဒီမှာ ရေမရတော့ဘူး။ ရေထွက်တွေ ထပ်ရှာတာ မရှိသေးဘူး”ဟု ပတ်ဇန်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ပတ်ဇန်ကျေးရွာသည် တီးတိန်မြို့မှ ၁၈ မိုင်ခန့်ကွာဝေးပြီး လက်ရှိအချိန်အထိ ရေအခက်အခဲနှင့် ကြုံတွေ့နေရဆဲဖြစ်ပြီး ရေသုံးစွဲရန်အတွက် အဆင်ပြေအောင် အစိုးရအနေဖြင့် ဆောင်ရွက်ပေးစေချင်သည်ဟု ဒေသခံများက ပြောကြားသည်။

ချင်းပြည်နယ် တီးတိန်မြို့ပေါ် ရပ်ကွက်အချို့တွင်လည်း ရေအခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။ ချင်းပြည်နယ်အတွင်း ဒေသအချို့တွင် ပွင်းလင်းရာသီ ရောက်လာတိုင်း ရေထွက်များ ခြောက်ခန်းမှုကြောင့် ဒေသအချို့တွင် ရေအခက်အခဲများ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

“တီးတိန်မြို့ပေါ်မှာတော့ ရေကတော့ သိပ်မရဘူး။ လာရင်လည်း ခဏပဲ။ မြို့ပေါ် မှာကို သိပ်အခြေအနေ မကောင်းဘူး။ အခု Facility Quarantine ထားတဲ့ နေရာတွေဆိုရင်လည်း စည်ပင်နဲ့ မီးသတ်ကပဲ ရေသယ်ပြီး ရေဖြည့်ပေးတာ။ မြို့ပေါ်မှာလည်း ရေဝေနေရတာတွေ ရှိတယ်။ ရပ်ကွက်စုံပါပဲ။ ရေလာတယ်ဆိုရင်လည်း တစ်ရက်မှာမှ ၁၅ မိနစ်၊ နာရီဝက်ပဲ။ သုံးဖို့က တချို့နေရာတွေ အဆင်ပြေပေမယ့် တချို့နေရာတွေ ခက်တယ်။ မြို့မရပ်ကွက်နဲ့ စကောလမ်းရပ်ကွက်တို့မှာ ခက်တယ်။ သုံးဖို့တောင်မှ တခြားနေရာကနေ သွားသယ်နေရတယ်။ တချို့ပိုက်ဆံရှိတဲ့ သူတွေကြတော့လည်း ဝယ်တာပေါ့။ အခုဆိုရင် တီးတိန် မြို့ပေါ်မှာ လျှပ်စစ်မီးလည်း အဆင်မပြေဘူး”ဟု တီးတိန်မြို့ခံကို CS မုန်နိုးက ဆိုသည်။

Most Read

Most Recent